
တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်း ဟေးလူဂျန် ခရိုင်ရဲ့ မြို့တော် ဟာဘင် ပန်းခြံ ထဲက နှင်းရုပ်တု အနုပညာပြပွဲ အတွက် ဒီဇင်ဘာလ ၁၇ ရက်နေ့က လူတွေ စုပေါင်းပြီး နှင်းရုပ်တုကြီး တစ်ခု ပြုလုပ်နေ ကြတယ်လို့ ဆင်ဟွာရဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ သတင်းမှာ ဖော်ပြ ထားပါတယ်။
ဒီရုပ်တုကြီးဟာ ၃၄ မီတာ အမြင့်ရှိပြီး ခင်းကျင်းပြသ ထားမယ့် နှင်းရုပ်တုပြပွဲမှာ အမြင့်ဆုံး ရုပ်တု ဖြစ်တယ်လို့ သိရပါတယ်။

ဟာဘင်အပြည်ပြည်ဆိုင်ရာ ရေခဲနဲ့နှင်းရုပ်တုပွဲတော်ဟာ နှစ်စဉ်ဆောင်းရာသီပွဲတော် တစ်ခုဖြစ်ပြီး အခုအချိန်မှာတော့ ဒီရုပ်တုပွဲတော်ဟာ ကမ္ဘာ့ အကြီးဆုံး
ရေခဲနဲ့နှင်းရုပ်တုပွဲတော် ဖြစ်တယ်လို့ သိရပါတယ်။

ရှေးဦးစွာ ဒီပွဲတော်မှာ တရုတ်လူမျိုးတွေသာ အဓိက ပါဝင်ဆင်နွှဲယှဉ်ပြိုင်ကြပြီး နောက်ပိုင်းမှာတော့ နိုင်ငံတကာပွဲတော်နဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့တာပါ။ ဒီပွဲတော်ထဲမှာ ကမ္ဘာ့အကြီးဆုံး နှင်းရုပ်တုတွေလည်း ပါဝင်ပြီး ပြသထားမှာ ဖြစ်ပါတယ်။
ဒီနှင်းရုပ်တုပြပွဲတော်ကြီးကို တရားဝင် ဇန်နဝါရီလ ၅ ရက်မှစပြီး တစ်လကြာတယ်လို့ သိရပါတယ်။
ဒီနှင်းရုပ်တု ပြပွဲကြီးကို နှစ်စဉ် နှစ်တိုင်း ဒေသခံနဲ့ ကမ္ဘာတစ်ဝှမ်းလုံးက ကြည့်ရှုသူ သိန်းဂဏန်း လာရောက် ကြပြီး ၃၃ ကြိမ်မြောက် နှင်းရုပ်တု ပြပွဲကိုတော့ ၂၀၁၇ ဇန်နဝါရီလ ကနေ မတ်လထိ ပြသ မယ်လို့ သိရ ပါတယ်။
ဓာတ်ပုံ -ဆင်ဟွာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/180252

No comments: