အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label နောက်ဆုံးပေါ်ကားများ. Show all posts
Showing posts with label နောက်ဆုံးပေါ်ကားများ. Show all posts

Wednesday, October 21, 2015

မော်တော်ယာဉ်များတွင် အလူမီနီယံ တပ်ဆင်အသုံးပြု ထုတ်လုပ်ခြင်းဖြင့် လေထု ညစ်ညမ်းမှုကို လျော့ကျနိုင်




ဘူဘာနက်ဆွာ ၊ ၂၁-၁၀-၂၀၁၅

မော်တော်ယာဉ် စက်ရုံများ အနေဖြင့် အလူမီနီယံများ တပ်ဆင် အသုံးပြု၍ မော်တော်ယာဉ် များအား ထုတ်လုပ်ခြင်းသည် လောင်စာ သုံးစွဲမှု ထိရောက်ခြင်းကို မြှင့်တင်နိုင်ရုံ သာမက ယာဉ်ကြောင့် ဖြစ်ပေါ် လာသော လေထု ညစ်ညမ်းမှု ကိုလည်း လျော့ကျ စေနိုင်ကြောင်း Nalco CMD အလူမီနီယံ ကုမ္ပဏီ ဥက္ကဋ္ဌ တီကေချန်း က ပြောကြားသည်။

ဖွံ့ဖြိုးပြီး နိုင်ငံများ အနေဖြင့် မော်တော်ယာဉ် တစ်စီးလျှင် ပျမ်းမျှ အလူမီနီယံ ၁၄ဝ ကီလိုဂရမ် တပ်ဆင် အသုံးပြုလျက် ရှိပြီး အိန္ဒိယ၌မူ ၄ဝ ကီလိုဂရမ် သာ အသုံးပြုကြောင်း၊ သို့သော် ၂ဝ၁၆ ခုနှစ်တွင် ယင်းနိုင်ငံရှိ မော်တော်ယာဉ် စက်ရုံများ၌ အလူမီနီယံ သတ္တု တပ်ဆင် အသုံးပြုမှုမှာ အနည်းဆုံး သုံးဆမြင့်တက် လာမည်ဟု မျှော်မှန်း ထားကြောင်း တီကေချန်း က ပြောကြားသည်။

မော်တော်ယာဉ်များ ထုတ်လုပ်ရာတွင် မူလ အသုံးပြုလျက် ရှိသည့် သတ္တုအမျိုးအစား တစ်ကီလိုဂရမ် အစား အလူမီနီယံ အစားထိုး အသုံးပြုပါက အဆိုပါယာဉ်၏ သက်တမ်း ကာလအတွင်း ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၂၂ ကီလိုဂရမ် အထိ လျှော့ချပေး နိုင်ကြောင်း၊ ထို့အပြင် ယာဉ်၏ သက်တမ်း အဆုံးတွင် အလူမီနီယံ ၉ဝ ရာခိုင်နှုန်းခန့်ကို ပြန်လည် အသုံးပြု နိုင်ကြောင်း ၄င်းက ပြောကြားသည်။

နည်းပညာများ ပေါင်းစည်း ဆန်းသစ်ခြင်း သည် ကောင်းမွန်သော ရလဒ်ကောင်း များကို လမ်းဖွင့်ပေးခြင်း ပင်ဖြစ်ကြောင်း ၄င်းကဆိုသည်။ ကနဦးတွင် အလူမီနီယံကို ကားဘီးများနှင့် ဂီယာအုံများ အတွင်း၌သာ အသုံးပြု ကြသော်လည်း ယခုအခါ စက်ခေါင်းအဖုံး၊ ယာဉ်ကိရိယာ အခန်းများ၊ တံခါးများ၊ ကားဘန်ပါ များနှင့် အခြား အစိတ်အပိုင်း အများအပြား၌ ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင် အသုံးပြု လာလျက် ရှိသည်။

Pyi Chit Thar by ပြည်ချစ်သား

Original link - http://www.pyichitthar.com/2015/10/blog-post_20.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Friday, October 9, 2015

ပြိုင်ဘက်ကင်း လေခွင်းအားနှင့် တုံ့ဆွဲအား လျှော့ချစနစ် ပါသည့် ပြိုင်ကား (ရုပ်သံ)




ဒါကတော့ ၆၆ ကြိမ်မြောက် ဖရန့်ဖာ့တ်ကားပြပွဲမှာ ပွဲထုတ်ခဲ့တဲ့ ဘူဂါတီကုမ္ပဏီရဲ့ နောက်ဆုံးထုတ် ပြိုင်ကားလေးဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုမော်ဒယ်မျိုးက ကမ္ဘာမှာ သူတစီးတည်းပဲ ရှိတာပါ။ ဘူဂါတီကုမ္ပဏီက ဂိမ်းရုံတွေမှာ ကစားတဲ့ ဂိမ်းသမားတွေအတွက် သီးသန့်ဖန်တီးထားတဲ့ ပြိုင်ကားကို ပွဲထုတ်ချင်တာကြောင့် ဒီလို ခေတ်လွန်ကားကို တည်ဆောက်ခဲ့တာပါ။

ဗီးရှင်းဂရန်တာရစ္စမိုလို့ခေါ်တဲ့ ဒီကားဟာ လူတိုင်းအဖို့ ဘူဂါတီ ကုမ္ပဏီထုတ် ကားတစီးကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးပါပဲ။ ဂရန်တာရစ္စမို ဗွီဒီယိုဂိမ်းကုမ္ပဏီက တီထွင်သူတွေနဲ့တွဲဖက်ပြီး ဘူဂါတီ ဒီဇိုင်းပညာရှင်အဖွဲ့ဟာ တကယ့်ကားအစစ်နဲ့ မခြားတဲ့ တုပရုပ်မြင်ကားတစီးကို ဖန်တီးတည်ဆောက်ချင်ခဲ့တာပါ။

“ကျနော်တို့က တွေ့နေကျ သိပ္ပံစိတ်ကူးယာဉ်ကားမျိုးကို ဖန်တီးချင်တာ မဟုတ်ပါဘူး။ ဘူဂါတီကုမ္ပဏီရဲ့ ထုံးစံအတိုင်း လေခွင်းအား သုတေသနတွေ၊ အင်ဂျင်နီယာတန်ဖိုးတွေကို အခြေခံထားပြီး နည်းပညာမြင့်မားသလောက် သိပ်ကို အနုစိတ်ကျအောင် ချဉ်းကပ် ဖန်တီးချင်တာပါ။

လှုပ်ရှားဆောင်ရွက်တဲ့ အစိတ်အပိုင်းတွေ ဆိုရင်လည်း လှုပ်ရှားမှုနဲ့ လိုက်ဖက်မယ့် တည်ဆောက်ပုံကို အတိအကျ ဒီဇိုင်းထုတ်ထားတာပါ။”

ဘူဂါတီကုမ္ပဏီထုတ် ဗီရွန်စီးရီးဆိုရင်လည်း စီးရေ ၄၅၀ သာ ထုတ်လုပ်ပြီး ယူရို ၁ သန်း ဈေးဖွင့်ရောင်းချခဲ့တာ ခုဆို တစီးမကျန် ရောင်းကုန်သွားပါပြီ။ အခု ဗီးရှင်း ဂရန်တာရစ္စမို ခေတ်လွန် ကားဟာ နောင်ထုတ်မယ့် ပြိုင်ကားမှာ ဘာတွေ ပါလာမလဲဆိုတဲ့ သဲလွန်စ တခုပဲလို့ သူတို့က ဆိုပါတယ်။

“ဒီကားက ခမ်းနားတဲ့ အနာဂတ်ဘ၀နေဟန်ကို ထင်ဟပ်ပေးပါတယ်။ ဘူဂါတီကုမ္ပဏီရဲ့ ကားပုံစံသစ်ကို သရုပ်ဖော်ထားတာပါ။ ဘူဂါတီရဲ့ နောင်ထုတ်မယ့် မော်ဒယ်တွေမှာ ဘယ်လိုအင်္ဂါရပ်တွေ ပါလာမလဲဆိုတာကို ထောင့်ပေါင်းစုံကနေ ထုတ်ပြနေပါတယ်။”

ဒီကားမှာ ပြိုင်ဘက်ကင်း လေခွင်းအားနဲ့ တုံ့ဆွဲအားလျှော့ချတဲ့စနစ် ပါပါတယ်။ ကင်မရာ ၃ လုံး ထည့်သွင်း တပ်ဆင်ထားတာမို့ တုပရုပ်မြင် မြင်ကွင်းကို ၁၈၀ ဒီဂရီထိ မြင်နိုင်ပါတယ်။

ဒါက ကားထုတ်လုပ်ရေးလုပ်ငန်းမှာ အရမ်းတွင်ကျယ်လာတော့မယ့် စနစ်ပါ။ ဗီးရှင်းဂရန်တာရစ္စမို တုပရုပ်မြင် ပြိုင်ကားကို ဂိမ်းသမားတွေ ဒေါင်းလုပ်ရယူနိုင်အောင် သိပ်မကြာခင်မှာ ဖြန့်ချိနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

သူတို့ရဲ့ မျိုးဆက်သစ်ပြိုင်ကားကိုလည်း သိပ်မဝေးတော့တဲ့ အနာဂတ်မှာ ထုတ်ပြနိုင်တော့မယ်လို့ ဘူဂါတီကုမ္ပဏီရဲ့ ဥက္ကဋ္ဌက ဆိုပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/115628


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...