အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ဝါသနာရှင်များ. Show all posts
Showing posts with label ဝါသနာရှင်များ. Show all posts

Saturday, January 28, 2017

ကြက်နှစ်ကို ကြက်အကဖြင့် ဖျော်ဖြေ ခဲ့ကြသည့် တရုတ်စစ်သားများ




အခု လာမယ့် နှစ်သစ်ကို တရုတ်ရိုးရာ ယုံကြည်မှု အရ ကြက်နှစ်လို့ သတ်မှတ် ထားကြတာပါ။

အဲဒီ အထိမ်း အမှတ် အဖြစ် ဆိုင်တွေ၊ ဈေးတွေ၊ နေအိမ်တွေ အနှံ့ ကမ္ဘာ တလွှားမှ တရုတ် လူမျိုးတွေဟာ ကြက်ပုံ သင်္ကေတ တွေနဲ့ အလှ ဆင်ယင်ပြီး ကြိုဆိုဖို့ ပြင်ဆင်နေ ကြတာကို တွေ့ရ ပါတယ်။

ဒီရုပ်သံ ဗွီဒီယိုဖိုင် ကတော့ တရုတ် စစ်ဝတ်စုံ တွေနဲ့ ရိုးရာ ကြက်နှစ်ကို ကြိုဆို ကြမယ့် အမျိုးသား အကအဖွဲ့ရဲ့ မြူးကြွတဲ့ ကကွက်တွေကို ရိုက်ယူ ထားခဲ့ပြီး Shanghaiist သတင်း တပုဒ်မှာ ဖော်ပြခဲ့ တာပါ။

သူတို့ ကပြသရုပ်ဖော်ခဲ့တဲ့ သီချင်းကတော့ အသက် ၃၈ နှစ်အရွယ် တရုတ်အဆိုတော် အမျိုးသမီး ရိုလင်းဝမ်ရဲ့ Chick Chick လို့ အမည်ရတဲ့ သီချင်း တပုဒ်ရဲ့ နောက်ခံတီးလုံးကို ယူထား ခဲ့တာပါ။

ဒီသီချင်းဟာ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့ တာဖြစ်ပြီး ကိုရီးယား နာမည်ကျော် သီချင်းတပုဒ်ဖြစ်တဲ့ ဂန်းနန်းစတိုင်သီချင်းလိုပဲ နာမည်ကျော်ကြားခဲ့တာပါ။

သီချင်းထဲ မှာတော့ အဆိုတော် အမျိုးသမီးနဲ့ အဖွဲ့ဟာ ကြက်ပုံ သဏ္ဌာန် အသံ၊ ဟန်ပန်နဲ့ ဝတ်စား ဆင်ယင် သရုပ်ပြမှု တွေကြောင့် လူသိများ ထင်ရှား ခဲ့ပါတယ်။

ဒီရုပ်သံဗွီဒီယို ဖိုင်ထဲမှာတော့ တရုတ် စစ်သားတွေရဲ့ သရုပ်ပြ တင်ဆက်မှု တွေက ထူးထူး ခြားခြား ဖြစ်နေ ခဲ့ပါတယ်။


Video From : https://www.facebook.com/shanghaiist/videos/10155402888331030/

Post From : DVB

Originally published at - http://burmese.dvb.no/archives/186379

Read More »

Thursday, January 26, 2017

မီးသတ်ကား တစီးလုံးကို မ,နိုင်သည့် မီးသတ်မယ်၏ ကြံ့ခိုင်သည့် အလှတရား




နော်ဝေ နိုင်ငံသူ ဂဲန်းနာတဲန်ရဲ့ ကာလ ရှည်ကြာ မက်ခဲ့ရတဲ့ အိပ်မက် ကတော့ မီးသတ်မယ် တဦး ဖြစ်လာဖို့ ပါပဲ။

သူဟာ လက်ရှိ မှာတော့ မီးသတ်မယ် တဦး အနေနဲ့ရော ကာယ အလှ နည်းပြမယ် တဦးအဖြစ်ပါ အသက်မွေး ဝမ်းကျောင်း ပြုနေ ခဲ့ပါပြီ။

မီးသတ်ကား တစီးလုံးကို မပြနိုင်တဲ့ သူမရဲ့ ကြံ့ခိုင်မှုနဲ့ ကောက်ကြောင်း ပေါ်လွင်တဲ့ အလှ တရားတွေကြောင့် လတ်တလော မှာတော့ အင်တာနက် စာမျက်နှာ တွေပေါ်မှာ ရေပန်းစား နေခဲ့တာပါ။



ဂဲန်းနာတန်ရဲ့ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ပရိသတ် ၄ သောင်း ၈ ထောင်ကျော်ရှိခဲ့ပြီး သူ့ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေထဲက ပုံရိပ်တွေကို အားပေးကြည့်ရှုနေကြတာပါ။

အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ သူမက “ကျမ အသက် ၁၉ နှစ်သမီးလောက်ကတည်းက အမြဲလှုပ်ရှားတက်ကြွနေတဲ့ ဘဝကို သဘောကျတယ်။ ဒါဟာ ကျမရဲ့ ဘဝတစိတ်တပိုင်းပါပဲ။

ခုလက်ရှိမှာ ကိုယ်တိုင်ရွေးချယ်ထားတဲ့ ကိုယ်ကာယကြံ့ခိုင်မှုဆိုင်ရာ အလုပ်နဲ့ တခြားသူတွေအတွက် ကူညီပေးရတဲ့ စိန်ခေါ်မှုတွေကို ကျမ တွေ့ရှိခဲ့ပါပြီ။ ကျမ ဘယ်တော့မှ နောင်တရလိမ့်မှာ မဟုတ်ပါဘူး။ ကျမရဲ့အလုပ်ကို ကျမ မြတ်နိုးပါတယ်” လို့ ပြောပါတယ်။



မီးသတ်မယ်တဦးအဖြစ် စတင်ခဲ့ရတာ သူ့အတွက်တော့ မလွယ်ကူခဲ့ဘဲ မိခင်ဖြစ်သူက “မိန်းကလေး မီးသတ်သမားလို့ အရင်ကဖြင့် မကြားခဲ့ဖူးပါဘူး။ ဘာကြောင့် သမီးက လုပ်ချင်ရတာလဲ” လို့ ဒီအလုပ်မလျှောက်ခင်မှာ မေးခံခဲ့ရဖူးကြောင်း ပြောပါတယ်။

“ကျမကတော့ ဘာကြောင့် ကျမ မဖြစ်နိုင်ရမှာလဲလို့ ပြန်ပြောခဲ့တာပဲ” လို့ ဂဲန်းနာတန်က ပြောပါတယ်။

လက်ရှိမှာတော့ သူ့ရဲ့အလုပ်ကို သဘောတကျနဲ့ လုပ်နေခဲ့ပြီး ကိုယ်ကာယကြံ့ခိုင်မှုအတွက်လည်း ဂရုတစိုက် လေ့ကျင့်နေခဲ့တာပါ။

“ကျမရဲ့အလုပ်မှာ ကျမက ကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။ ဒါမှ အမျိုးသား လုပ်ဖော်ကိုင်ဘက်တွေနဲ့ထပ်တူ အလုပ်လုပ်နိုင်မှာပါ။”

အချိန်ပြည့် မီးသတ်မယ်တဦးအဖြစ် ဝင်ရောက်လုပ်ကိုင်နေတဲ့ ဂဲန်းနာတန်က သူ့ရဲ့ အားလပ်ချိန်တွေမှာ လုပ်ဖော်ကိုင်ဘက် အမျိုးသားတွေနဲ့ တန်းတူ ဘောလုံး ကစားတာ၊ ပြေးတာ၊ အတူတကွ လုပ်လေ့ ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – Caters

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/186072

Read More »

Wednesday, March 23, 2016

အိမ်တလုံး တွင်းမှ ကားပုံစံမျိုးစုံ အရုပ် ၃ သောင်းကျော် တွေ့ရှိ




အမေရိကန် နိုင်ငံက ခရစ်ယာန် ဘုရားကျောင်း တခုကို လှူဒါန်း ထားတဲ့ အိမ်တလုံး အတွင်းမှ ကားပုံစံတူ အရုပ်ပေါင်း ၃ သောင်းကျော်ကို တွေ့ရှိခဲ့ ရတယ်လို့ နယူးဇီလန် အခြေစိုက် စတပ်ဖ် သတင်း တပုဒ်မှာ ဖော်ပြ ပါတယ်။

အဲဒီအိမ်မှာ နေထိုင်သွား ခဲ့သူဟာ ဒန်းနစ်စ်အဲရစ်ဆင် အမည်ရ အဘိုးအို တဦးဖြစ်ပြီး သူသေဆုံးချိန်မှာ သူ့ရဲ့အိမ်ကို ဘုရားကျောင်းသို့ လှူဒါန်း ခဲ့တာပါ။

အမေရိကန်နိုင်ငံ၊ မင်နီဆိုတာ ပြည်နယ်၊ ချီးမွမ်းခြင်း ဘုရားကျောင်းရဲ့ ဘဏ္ဍာရေးမှူး လီဆာလန်းစထရောင်းက “ကျမ (ဒီကားတွေကို ပထမ အကြိမ် စမြင် လိုက်ရပြီး) အိမ် ထဲ လမ်းလျှောက် ၀င်လာ ချိန်မှာ အသက်ရှုတောင် မှားမတတ်ပဲ။ ဒါဟာ ကမ္ဘာမှာ အကြီးမားဆုံး စုဆောင်းမှု တခုပါပဲ” လို့ ပြောပါတယ်။

သူ့ရဲ့ အိမ်အခန်းလွတ် ရှိရှိသမျှ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်းပါ မကျန် နေရာအနှံ့ ကားမော်ဒယ်လ် အစုံ ထားရှိတာ ဖြစ်ပြီး သူ့ဘ၀သက်တမ်း တလျှောက် စုဆောင်း ခဲ့တာလို့ သတင်းမှာ ဖော်ပြ ပါတယ်။

ဒန်းနစ်စ်အဲရစ်ဆင်ဟာ ဘုရားကျောင်း အပေါက်စောင့် အဖြစ် နှစ်ပေါင်းများစွာ လုပ်လာ ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ သူကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ် ရှိနေပါပြီ။

သူကွယ်လွန်ချိန် အနားမှာ ဘယ်သူမှ မရှိဘဲ ကားတွေသာ ပတ်လည်ဝိုင်းပြီး ရှိနေ ခဲ့တယ်လို့ ဆိုပါတယ်။

သူကွယ်လွန်ပြီး သီတင်းပါတ် အနည်းငယ် အကြာမှာတော့ လီဆာလန်း စထရောင်းက ထူးဆန်းတဲ့ စုဆောင်းမှုကို သတိထား မိခဲ့ပြီး နောက်ကြောင်းပြန် စုံစမ်းခဲ့ချိန်မှာ အဲရစ်ဆင်ဟာ အသက် ၉ နှစ် အရွယ်က စပြီး စုဆောင်း ခဲ့တာလို့ ဆိုပါတယ်။

သူဟာ မြို့ပြ အင်ဂျင်နီယာ တဦးအဖြစ် အသက်မွေး ၀မ်းကျောင်း အလုပ် လုပ်ခဲ့ဖူးပြီး မိဘတွေရဲ့ တဦးတည်းသော သားဖြစ်ကာ မိဘ ၂ ဦးစလုံး ကွယ်လွန်ချိန် ကစ အိမ်ထဲမှာ ဘယ်သူ့မှ လက်မထပ်ခဲ့ဘဲ တဦးတည်း နေလာ ခဲ့တာလို့ သတင်းမှာ ဖော်ပြ ပါတယ်။

သူ့ရဲ့နေ့စဉ်နေထိုင်မှု ဘ၀မှာ ဒီကားတွေကို ပွတ်တိုက်ပြီး ဖြတ်သန်း ခဲ့ပုံ ပေါ်တယ်လို့ လန်းစထရောင်းက ပြောပါတယ်။

အဲရစ်ဆင်သေဆုံးပြီး ရက်အနည်းငယ် အကြာမှာတောင် သူမှာထားတဲ့ ကားပုံစံ တူအရုပ်တွေ ရောက်လာဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လန်းစထရောင်းက “သူဟာ တခြား လူတွေက သူတို့ ဘ၀ထဲက မိသားစုတွေကို ဂရုစိုက် သလိုပဲ သူစုဆောင်းတဲ့ ကားတွေကို ပိုဂရုစိုက် ခဲ့တာပဲ”လို့ ပြောပါတယ်။

ခုချိန်မှာတော့ ဘုရားကျောင်းမှာ အဲရစ်ဆင်ရဲ့ စုဆောင်း ထားရှိခဲ့တဲ့ ကားမော် ဒယ်လ် ပုံစံတူတွေနဲ့ ၀ယ်ယူတဲ့ ဘောက်ချာစတဲ့ အမှတ်ရဖွယ် ပစ္စည်းတွေကို ပြသထား ပြီး တချို့ကို ရောင်းချကာ လူငယ်ဖွံ့ဖြိုးရေး အစီအစဉ် အတွက် ထောက်ပံ့ ကူညီမှုတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/140760


Read More »

Friday, February 26, 2016

နှစ်ပေါင်း ၂၀ ကျော် စုထားသည့် ဆံချည်မျှင်များဖြင့် ကုတ်အင်္ကျီ ရက်လုပ်သည့် အဖွားအို




အသက် ၆၅ နှစ် အရွယ် ရိုမေးနီးယား နိုင်ငံသူ အဖွားအို တဦးဟာ နှစ်ပေါင်း ၂၀ ကျော်ကြာ စုထားခဲ့တဲ့ သူ့ရဲ့ ဆံချည်မျှင် တွေကို အသုံးပြုပြီး ကုတ်အင်္ကျီ ရက်လုပ် ခဲ့တယ်လို့ ကနူး သတင်း စာမျက်နှာမှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဖော်ပြ ပါတယ်။

အော်တန်ဆာ ပက်စ်ကာရီယူ အမည်ရတဲ့ အဲဒီ အဖွားအိုဟာ ငယ်စဉ်က တင်ပါး အောက်ခြေထိ ရောက်အောင် ဖုံးနေတဲ့ ဆံပင်ရှည်နဲ့ နေထိုင်သူ တဦး ဖြစ်ပါတယ်။

သူငယ်စဉ်က နေထိုင်တဲ့ ကျေးရွာရဲ့ ဓလေ့ ထုံးစံ အရ မိမိ ဆံချည်မျှင် တွေကို ပစ်လိုက်တဲ့ အမျိုးသမီး ဆီကို မကောင်းတဲ့ ကံကြမ္မာ ဆိုးတွေ လာနိုင်တယ်လို့ အယူရှိတဲ့ အတွက် သူဟာ ငယ်စဉ် တည်းက ဆံချည်မျှင် အပိုင်း အစတွေကို အံဆွဲထဲ ထည့်သိမ်း ထားခဲ့ တာပါ။

သူဟာ အသက် ၈ နှစ် သမီး အရွယ်တည်းက သိုးမွေး ချည်ထိုး အတတ် ပညာကို ကျွမ်းကျင်သူ တဦးဖြစ်ပြီး ဆံချည်မျှင်တွေ အများအပြား စုပုံ လာချိန် မှာတော့ ဒါတွေနဲ့ ကုတ်အင်္ကျီ ရက်လုပ်ဖို့ ဆုံးဖြတ် ခဲ့တယ်လို့ အက်ဒီဗူရယ် နေ့စဉ် သတင်းစာမှာ ဖော်ပြ ပါတယ်။

“ဒါဟာ တော်တော် ထူးဆန်း ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ဆံပင်နဲ့ ကုတ်အင်္ကျီ ရက်လုပ် ရတာ တခြား အရာတွေနဲ့ ကွဲပြားပြီး အတွေ့အကြုံ ရတယ်။ တော်တော် ပျော်စရာ ကောင်းပါတယ်” လို့ သူက ဆိုပါတယ်။

ပက်စ်ကာရီယူက ဆံချည်မျှင်နဲ့ ရက်လုပ်တဲ့ ကုတ်အင်္ကျီ ခုလိုဖြစ်အောင် လုပ်နိုင်လို့ ဂုဏ်ယူ နေပြီး “ဒါဟာ နူးညံ့ပြီး နွေးထွေးပါတယ်။ အကောင်းဆုံးပါပဲ” လို့ ပြောပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/137027


Read More »

Tuesday, February 23, 2016

ကိုယ်ဝန်ဆောင်သိုးမကြီးကို မီးဖွားနိုင်ရန် ကူညီပေးခဲ့သူ ၃ နှစ်သမီးလေး ရုပ်သံ ရေပန်းစား




အင်္ဂလန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ကိုယ်ဝန်ဆောင် သိုးမကြီးကို မီးဖွားနိုင်ဖို့ ကူညီပေး ခဲ့တဲ့ ၃ နှစ် သမီးလေးရဲ့ ရုပ်သံ ဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ် လူမှု ကွန်ရက် အင်တာနက် စာမျက်နှာ ပေါ်မှာ ၀င်ရောက် ကြည့်ရှုပြီး ပြန်လည် မျှဝေသူ ၂ သောင်းကျော် ရှိခဲ့ပြီး ရေပန်းစား နေပါတယ်။

လီလီနီကိုးလပ် အမည်ရတဲ့ အဲဒီ ကလေးငယ်ဟာ ကိုယ်ဝန်ဆောင် သိုးမကြီးကို မီးဖွားနိုင်ဖို့ အစအဆုံး လုပ်ဆောင်နိုင် ခဲ့တာကို မိခင်ဖြစ်သူ ရေချယ်နီကိုးလပ်က ရုပ်သံ ဗွီဒီယိုဖိုင်နဲ့ မှတ်တမ်း တင်ခဲ့တာပါ။

လီလီဟာ အင်္ဂလန်နိုင်ငံ၊ ဝေးလ်စ်ပြည်နယ်၊ ရက်ဂ်လန်ကျေးရွာ မွေးမြူရေး ခြံထဲမှာ ဖခင် မာ့ခ်၊ မိခင် ရေချယ်၊ အစ်မဖြစ်သူ ကက်သရင်း (၁၀ နှစ်) တို့နဲ့ အတူ နေထိုင်ကြီးပြင်း လာပြီး ခြံထဲက မွေးမြူ ထားတဲ့ တိရစ္ဆာန်တွေကို သန့်ရှင်းရေးနဲ့ မွေးမြူ စောင့်ရှောက် မှုတွေကို ကူညီ လုပ်ပေးလေ့ ရှိတယ်လို့ ဆိုပါတယ်။

ခုချိန်ဟာ သိုးတွေ သားပေါက်တဲ့ ရာသီဖြစ်ပြီး လီလီ့ အတွက်တော့ ဒါဟာ ပထမ အကြိမ် မဟုတ်ဘူးလို့ မိခင်ဖြစ်သူ ရေချယ်က ပြောပါတယ်။

၃ မိနစ်စာ ရုပ်သံ ဗွီဒီယိုဖိုင်ထဲမှာ မိခင်ရဲ့ ညွှန်ကြားမှုနဲ့ အတူ လီလီဟာ စီစဉ်တကျ မွေးဖွားနိုင်ဖို့ သန္ဓေသားလောင်းရဲ့ ခေါင်းကို လှည့်ပေးနိုင် ခဲ့ကာ ဘယ်သူ့ အကူ အညီမှ မပါဘဲ အပြင်ကို ဆွဲထုတ် မွေးဖွား ပေးနိုင် ခဲ့တာကို တွေ့ရမှာပါ။

ရေချယ်က “လီလီက ခြံထဲမှာပဲ မွေးပြီး ကြီးလာတော့ ဒီအလုပ်တွေဟာ သိပ်စိမ်း မနေပါဘူး။ ခြံထဲက တခြားအလုပ်တွေ ကိုလည်း သူ ၂ နှစ် အရွယ်တည်းက အမြဲ ကူညီနေကျပါ” လို့ ပြောပါတယ်။

လီလီဟာ တကြိမ်မှာ မိခင်ဖြစ်သူ သိုးမွေးဖွားနိုင်ဖို့ ကူညီပေး ခဲ့ရပြီး မှတ်ထားခဲ့ကာ ခုလို လုပ်ပြနိုင် ခဲ့တာ ဖြစ်တယ်လို့ ဝေးလ်စ် အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

“တရက်မှာ ကျမ သိုးတကောင်ကို မွေးဖွားပေးနိုင်ဖို့ လုပ်နေတုန်း လီလီက ဘေးနားမှာ ကြည့်နေ ခဲ့တယ်။ အဲဒါကို မှတ်ထား ခဲ့ပြီး ခုချိန်မှာတော့ သူလုပ်ပြနိုင် ခဲ့ပြီလေ” လို့ ရေချယ်က ပြောပါတယ်။



Video from : lilly Nicholas

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/136507


Read More »

Thursday, December 10, 2015

ဘောလုံးကို အချက်ပေါင်း ၁၀၀၀ အထိ တော့နိုင်သည့် အသက် ၉၀ အဘွားအို (ရုပ်သံ)




ဘောလုံးကို တော့မယ် ဆိုရင် ဘယ်နှချက် အထိ တော့နိုင် ပါသလဲ။

နော်ဝေနိုင်ငံက အသက် ၉၀ အရွယ် အဘွားအိုကတော့ ဘောလုံးကို အချက် ၅၀ ကနေ ၁၀၀၀ အထိ တော့နိုင် ပါတယ်။

ဒီလိုတော့နိုင်ဖို့ အသက် ငယ်ငယ်လေး ကတည်းက ကစား ခဲ့တာလို့ ဆိုပါတယ်။ အလုပ် မရှိတဲ့ နေ့တွေမှာ ဆိုရင် အဘွားက ၁ နာရီ နီးပါး ဘောလုံးတော့ တာကို လေ့ကျင့် ပါတယ်။



Original link - http://burmese.dvb.no/archives/126323

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Tuesday, December 8, 2015

အာကာသထဲမှာ ပထမဆုံး မာရသွန်ပြေးသူ ဖြစ်လာတော့မယ့် ဗြိတိန် နိုင်ငံသား




အပြည်ပြည် ဆိုင်ရာ အာကာသ စခန်း (ISS) မှာ ရောက်ရှိ နေတဲ့ ဗြိတိန် နိုင်ငံသား အာကာသ ပညာရှင် တစ်ဦးဟာ အာကာသ ထဲမှာ ပထမဆုံး မာရသွန် ပြေးသူ ဖြစ်လာ တော့မှာဖြစ်ပြီး သမိုင်းတွင် တော့မှာပါ။

Tim Peak လို့နာမည်ရတဲ့ အာကာသ ပညာရှင် တစ်ဦးဟာ အပြည်ပြည် ဆိုင်ရာ အာကာသ စခန်းကနေ ကမ္ဘာ့ အကျော်ကြားဆုံး မာရာသွန်ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ Digital Virgin Money London ဆိုတဲ့ မာရသွန်ပြိုင်ပွဲမှာ ၂၆.၂ မိုင်ခရီးကို အပြေး လေ့ကျင့် စက်ပေါ် ကနေ ၀င်ရောက် ပြေးမှာ ဖြစ်ပါတယ်။

ဥရောပ အာကာသ အေဂျင်စီ မှာရှိတဲ့ အာကာသဆေးပညာ ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ Jonathan Scott ရဲ့ ပြောကြားချက်အရတော့ အပြေးလေ့ကျင့်စက် ပေါ်မှာပြေးခြင်းဟာ အာကာသ ပေါ်မှာ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု နဲ့ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

သာမန် အပြေးလေ့ကျင့်တာမျိုးကတော့ အာကာသ စခန်းမှာ လုပ်နေကြ အရာတစ်ခုဖြစ်နေပေမယ့် မာရသွန် ပြိုင်ပွဲတစ်ခုလို အကွာအဝေး နဲ့ အားစိုက်ရတဲ့အပိုင်းတွေ ကတော့ ခက်ခဲနိုင်ပါတယ်။ အခက်ဆုံးဖြစ်လာမှာက Tim အနေနဲ့ ပြေးဖို့အတွက် ၀တ်ဆုံ ၀တ်ထားဖို့ လိုအပ်နေပါလိမ့်မယ်။

"အကြီးမားဆုံးသော စိန်ခေါ်မှု တစ်ခုကတော့ ကြိုးချည်ပြီးပြေးတဲ့ စနစ် ကို ရင်ဆိုင်ရမှာပါ။ Microgravity ဆိုတဲ့ အဏုဇီဝ ဆွဲငင်အား အရတော့ ပြေးစက်မှာ ကြိုးမချည်ထားရင် ငါလေထဲမြောက်နေမှာပါ။ဒါကြောင့် ကြိုးချည်တဲ့ စနစ်ကို တပ်ဆင်ထားဖို့လိုအပ်နေပါတယ်" လို့ Tim Peak က BBC သတင်းဌာနကိုပြောပြခဲ့ပါတယ်။

ဒေါက်တာ Scott ရဲ့ ပြောကြားချက်အရတော့ ထို ကြိုးချည်စနစ်ဟာလည်း မိနစ် ၃၀ ခန့် ပြေးပြီးတဲ့အခါမှာ သက်တောင့်သက်သာ မရှိတာမျိုး ကြုံလာရနိုင်ပြီး မာရသွန်ပြိုင်ပွဲ တစ်ခုလုံးကိုတော့ ပြီးစီးဖို့ခက်ခဲလိမ့်မယ်လို့ဆိုပါတယ်။ ကြိုးချည်စနစ်ကို ရေရှည် လုပ်ဆောင်နိုင်မယ့် သော့ချက်ကတော့ ဟန်ချက် ပဲ ဖြစ်တယ်လို့လည်း ဒေါက်တာ Scott က ပြောခဲ့ပါသေးတယ်။

Tim Peak ဟာ ၁၉၉၉ ခုနှစ်ကလည်း ကမ္ဘာပေါ်မှာ မာရသွန်ပြိုင်ပွဲကို ၃ နာရီ ၁၈ မိနစ် နဲ့ ပြီးစီးခဲ့ဖူးသလို ၂၀၀၇ ခုနှစ်တုန်းကတော့ အမေရိကန် အာကာသပညာရှင် Sunita William ဟာ ဘော်စတွန် မာရသွန်ပြိုင်ပွဲကို ကမ္ဘာပတ်လမ်းထဲ ရောက်ရှိနေစဉ် ၀င်ရောက်ယှဉ်ပြိုင်ပြီး ၄ နာရီနဲ့ ၂၃ မိနစ် ကြာမြင့်တဲ့အခါမှာ မာရသွန်ပြိုင်ပွဲကို ပြီးစီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Ref : UPI

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_8.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Tuesday, December 1, 2015

ညအိပ်ချိန် facebook သုံးခြင်းက ဆယ်ကျော်သက်တွေရဲ့ စာမေးပွဲ အမှတ်ကို ၂၀ရာခိုင်နှုန်း ကျဆင်းစေ




အိပ်ရာ မဝင်ခင်မှာ ဖုန်းတွေ ဝေးဝေးထားဖို့ ဆယ်ကျော်သက် တွေကို ပြောရတာ အာပေါက် နေပြီလား။ လူမှုကွန်ပေါ်မှာ သူငယ်ချင်းတွေနဲ့ အိပ်ရာ မဝင်ခင် chatting ဝင်နေ တာဟာ ဆယ်ကျော်သက်တွေ အပေါ် သက်ရောက်မှုတွေ ရှိတဲ့ အတွက် မိဘတွေ အနေနဲ့ စိုးရိမ်ပူပန်ခွင့် ရှိတယ်ဆိုတာကို ပြောပြ ပေးလိုက်ပါ။

အိပ်ရာဝင်ချိန် မိနစ်၃၀လောက် Facebook လိုမျိုး ဝဘ်ဆိုဒ်ဝင်ကြည့်နေတာဟာ ဆယ်ကျော်သက်တွေအနေနဲ့ အတန်းထဲမှာ စာကောင်းကောင်းမလုပ်တော့ဘူးလို့ လေ့လာမှုတစ်ရပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီလေ့လာမှုကို လန်ဒန်တက္ကသိုလ်မှ သုတေသီတွေက ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလိုဖြစ်ရခြင်းဟာ ဦးနှောက်ကို အလွန်အကျွံ လှုံ့ဆော်တဲ့အတွက် ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အိပ်ရာဝင်ချိန်မှာ အင်တာနက်သုံးတဲ့အတွက်လည်း အိပ်ရခက်ခဲလာပါတယ်။

အသက် ၁၆ နှစ်ကနေ အသက် ၁၉နှစ်ကြား ဆယ်ကျော်သက်တွေရဲ့ ၇၀ရာခိုင်နှုန်းဟာ အိပ်ရာမဝင်ခင် လူမှုကွန်ရက်သုံးကြတယ်လို့ ဆိုပြီး သူတို့ဟာ GCSE နဲ့ A-level စာမေးပွဲတွေမှာ အမှတ် ၂၀ရာခိုင်နှုန်း လျော့ရကြတယ်လို့ သိရပါတယ်။

Ref:Daily Mail

Original link - http://health.thithtoolwin.com/2015/12/facebook.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Sunday, November 29, 2015

YouTube မှ ဗွီဒီယိုတွေကို ကြည့်ပြီး လေယာဉ်ပျံ တည်ဆောက် ခဲ့သူ








ဒါဟာ ယုံကြည်နိုင်ဖို့ ခက်ခဲ ပေမယ့် အက်ဇ်မလက်ရှ် ဇက်ဖရူကတော့ ယူကျူအင် တာနက်စာမျက်နှာပေါ်က ဗွီဒီယိုတွေကို လေ့လာပြီး လေယာဉ် တစင်းကို တည်ဆောက် ပြနိုင် ခဲ့ပါပြီ။

ဒါဟာ အသက် ၃၅ နှစ် အရွယ် အီသီယိုပီးယား နိုင်ငံသား တယောက်ရဲ့ ငယ်ဘ၀ အိပ်မက်ပါပဲ။ သူဟာ ငယ်စဉ်က လေယာဉ်မှူး တစ်ယောက်ဖြစ်ချင် ခဲ့ပေမယ့် အီသီယိုပီးယား နိုင်ငံလေကြောင်း အကယ်ဒမီရဲ့ ငြင်းပယ်ခြင်း ခံခဲ့ရပြီးတဲ့ နောက်မှာ လေယာဉ် တစီးကို တည်ဆောက်ဖို့ အတွက် ဆုံးဖြတ်ချက် ချခဲ့တာပါ။

“ကျနော် လေယာဉ်မှူး တယောက် မဖြစ်ခဲ့လို့ ကိုယ်ပိုင် လေယာဉ် တစီးကို တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာ။ ဒါဆို ကျနော် ကောင်းကင်ပေါ်မှာ မြင့်မြင့် ပျံသန်းနိုင်ပြီလေ” လို့ သူက စီအန်အန် သတင်း ဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဆယ်နှစ်တာ ကာလ အတွင်းမှာ ဇက်ဖရူဟာ သူ့အိပ်မက်ကို အကောင် အထည်ဖော်နိုင်ဖို့ ကြိုးစား ခဲ့ရတာပါ။ သူဟာ လေယာဉ် ပစ္စည်း အပိုင်းအစတွေကို အဟောင်းဈေးကွက်တွေက တဆင့် စုဆောင်း ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ သူဟာ လူ ၂ ယောက်စီးနင်းနိုင်မယ့် လေယာဉ်အတွက် ဗောက်စ်ဝက်ဂွန်ဘီးတဲလ်အင်ဂျင်ကို မြင်းကောင်ရေ အား ၄၈ ကနေ ၇၈ ထိရအောင် မြှင့်တင်နိုင်ခဲ့ပါတယ်။

လေယာဉ်ဘီးတွေကိုတော့ ဆူဇူကီးမော်တော်ဆိုင်ကယ်ဘီးတွေကို အထိုင်ချပြု လုပ်ထားတယ်လို့ ဆိုပါတယ်။

သူဟာ လေကြောင်းဆိုင်ရာ ပညာရှင်တွေရဲ့ အကူအညီတွေနဲ့အတူ ယူကျု အင်တာနက်စာမျက်နှာပါ လေယာဉ်ပြုလုပ်ပုံအဆင့်ဆင့်ကို လေ့လာကာ ခုလိုတီထွင် နိုင်ခဲ့တာလို့ စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။

ဇက်ဖရူဟာ ဇွန်လမှာ အဲဒီလေယာဉ်ကို စတင်မောင်းနှင်နိုင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် နည်းပညာဆိုင်ရာပြဿနာတချို့ကြောင့် မပျံသန်းနိုင်ခဲ့ဘဲ ငါးလကြာမြင့်ခဲ့ပြီးမှ ပြန်လည် ပြင်ဆင်ကာ စတင်ပျံသန်းနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါဟာ ရည်မှန်းချက်ကြီးတဲ့ အပျော်တမ်းလေယာဉ်မှူးတဦးရဲ့ နောက်ဆုံးစူးစမ်း လေ့လာမှုတော့မဟုတ်ပါဘူး။

သူက “ကျနော့်အိပ်မက်က နာဆာမှာ အာကာသဆိုင်ရာ အင်ဂျင်နီယာတဦးဖြစ် လာဖို့ပါ” လို့ ပြောပါတယ်။

By ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/124823

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Related Posts

Related Posts Plugin for WordPress, Blogger...