အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label လေ့လာတွေ့ရှိမှုများ. Show all posts
Showing posts with label လေ့လာတွေ့ရှိမှုများ. Show all posts

Thursday, May 11, 2017

လွန်ခဲ့တဲ့ နှစ်သုံးသိန်းခန့်က အာဖရိကမှာ လူသားနဲ့ ဆင်တူ မျိုးစိတ်တွေ အတူယှဉ်တွဲ နေထိုင်ခဲ့




မေ ၁၀ – အာဖရိကမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသိန်း ခန့်က ကမ္ဘာဦး လူသား တွေဟာ လူသား မျိုးနွယ်နဲ့ ဆင်တူပြီး ဦးနှောက် အနည်းငယ် ရှိတဲ့ မျိုးစိတ် တစ်ခုနဲ့ အတူ ယှဉ်တွဲ နေထိုင် ခဲ့တယ် ဆိုတဲ့ ပထမဆုံး အထောက် အထား တစ်ခုကို သိပ္ပံ ပညာရှင် တွေက အင်္ဂါနေ့မှာ ဖော်ထုတ် ပြသ ခဲ့ပါတယ်။

သည်မျိုးစိတ်ဟာ ယင်းကာလလောက်မှာ သည်တိုက် ကြီးပေါ်မှာ မျိုးတုံးပျောက်ကွယ်သွားခဲ့ပြီလို့လည်း မှတ်ယူရပါတယ်။

အီးလိုက်ဖ်ဂျာနယ်မှာ စာမျက်နှာသုံးခုစာဖော်ပြခဲ့တဲ့ သည်တွေ့ရှိချက်တွေဟာ ဟိုအရင်လူသားတွေရဲ့ ပြုမှုလှုပ်ရှားမှုတွေဟာ ရှေးဦးလူသားမျိုးနွယ်စုရဲ့ ရှေ့ပြေးလှုပ်ရှားမှုတွေကနေ ဖွံ့ဖြိုးလာတယ်ဆိုတဲ့ အမြင် သဘောတရားတွေအပါအ၀င် လူသားတွေရဲ့ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်အပေါ် မေးစရာတွေ ဖြစ်လာပါတယ်။

ဟိုမီနင်တွေဟာ လူသားတွေနဲ့တူညီတဲ့မျိုးစိတ်ရှိပေမယ့် လူသားတွေလိုသည်နေ့ခေတ်အထိရပ်တည်ရှင်သန်မနေ နိုင်ဘဲ မျိုးတုံးသွားတဲ့အုပ်စုဖြစ်ပါတယ်။
အခုတွေ့တဲ့မျိုးစိတ်ကတော့ ၂၀၁၅ ခုနှစ်က တောင်အာဖရိကရဲ့စတက်ဖွန်တိန်းနဲ့စွတ်ကရန်စ်ကနေ သူ့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတူးဖော်ရရှိပြီးနောက် ဟိုမိုနာလီဒီလို့အမည့်ပေးခဲ့တဲ့ မျိုးစိတ်တစ်ခုဖြစ်ပါတယ်။

ဂျိုဟန်နက်စ်ဘာ့ဂ်အနောက်မြောက်ပိုင်း ကီလိုမီတာ ၅၀ ခန့်ကရရှိခဲ့တဲ့ သည်အဖိုးတန်အကြွင်းအကျန်တွေဟာ လူသားတွေရဲ့ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာကြာအောင်ဖြစ်နေတဲ့ ပဟေဠိကို ဆက်ပေးမယ့် အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ အစတုန်းကတော့ သည်ဟိုမိုနာလီဒီခန္ဓာတည်ဆောက်ပုံအရ သည်ကျောက်ဖြစ်ရုပ်ကြွင်း တွေရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၂.၅ သန်းနီးနီးရှိမယ်လို့ ယူဆထားသလို သည်မျိုးစိတ်တွေဟာ လူတွေရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ရပ်အဖြစ်တည်ရှိနေတာကြာပြီဖြစ်တဲ့ လူသေတဲ့ အခါမြေမြှုပ်တဲ့အလေ့အထကို လုပ်ဆောင်ခဲ့တယ်လို့လည်းယူဆထားကြပါတယ်။

ဒါပေမဲ့ သည်ကျောက်ဖြစ်ရုပ်ကြွင်းကိုတွေ့ရှိခဲ့တဲ့ အနည်အနှစ်တွေနဲ့ သည်မျိုးစိတ်ရဲ့သွားတွေရဲ့သက်တမ်းကို လေ့လာတဲ့အခါမှာတော့ သည်မျိုးစိတ်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၆၀၀၀ ကနေ ၃၃၅၀၀၀ အတွင်း အာဖရိကရဲ့ချုံတွေကြားလှည့်လည်သွားလာနေကြတာကိုတွေ့ရပါတယ်။ သည်အချိန်ကာလမှာပဲ ခေတ်လူသား တွေ ပေါ်ထွက်နေပြီဖြစ်ပါ တယ်။

‘ ဦးနှောက်သေးသေးလေးရှိပြီး ရှေးဦဟိုမင်နင်တွေဟာ အချိန်ကာလဒီလောက်အထိကြာအောင် နေထိုင်နိုင်မယ် လို့ ဘယ်သူမှတွေးမထင်ထားကြပါဘူး။ ပြီးတော့ အဲ့ဒီအချိန်ကာလဆိုတာက အာဖရိကမှာခေတ်ဦးလူသားတွေ ပေါ်ထွက်နေတဲ့အချိန်လို့ ကျွန်တော်တို့ယူဆထားတယ်’ လို့ ဂျိုဟန်နက်စ်ဘာ့ဂ်ရဲ့ ၀စ်ဝက်တာစရန်းတက္ကသိုလ်ရဲ့ ပရောဂျက် ခေါင်းဆောင် လီဘာဂျာကပြောပါတယ်။

ဒါပေမဲ့ ဟိုမိုနာလီဒီတွေ မျိုးတုံးသွားတဲ့အချိန်နဲ့မျိုးတုံးသွားရတဲ့အကြောင်းရင်းကိုတော့ အဖြေမပေးနိုင်သေးဘူးလို့ သူကပြောပါတယ်။

ရရှိခဲ့တဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေမှာ အခုချိန်ထိမျိုးတုံးသွားတဲ့ဖြစ်ရပ်ကို အတိအကျမညွှန်ပြ ထားတဲ့အတွက် သည်လူသားရှေ့ပြေးမျိုးစိတ်ဟာ နှစ်ပေါင်းနှစ်သိန်းမတိုင်ခင်အထိ ရှင်သန်နေထိုင်နိုင်ခဲ့ဖွယ် ရှိတယ်လို့ ယူဆထားပါတယ်။

From : ကုမုဒြာဂျာနယ် by ချိုလေးငယ်

Originally published at - http://www.kumudranews.com


Read More »

Friday, March 24, 2017

အိုမင်းမှုကို ပြောင်းပြန်လှန်မယ့် ဖော်မြူလာ တွေ့ပြီ




လူသား တွေရဲ့အိုမင်းမှု ဖြစ်စဉ် ဖြစ်တဲ့ ဇရာကို ပြောင်းပြန် လှန်မယ့် ထူးထူး ခြားခြား ဆေး ဖော်မြူလာကို ဖြစ်စေနိုင်တဲ့ တွေ့ရှိမှု တစ်ခုကို သိပ္ပံပညာရှင် တွေက တွေ့ရှိ ခဲ့ကြ ပါတယ်။

အဆိုပါ ဆေးဝါးက ဒီအန်အေကို အံ့သြစရာ ကောင်း လောက်အောင် ပြန်ပြုပြင် ပေးနိုင်ပြီး မားစ် ဂြိုလ်ပေါ်က နာဆာ အာကာသ ယာဉ်မှူးတွေ ကိုတောင် ဆိုရာ ရောင်ခြည် ဖြာထွက်မှု ကနေ ကာကွယ် ပေးနိုင်ဖွယ် ရှိနေကြောင်း သိရှိရ ပါတယ်။

ဆဲလ် အိုမင်းမှု ဖြစ်စဉ်နဲ့ ဒီအန်အေ ပြန်ပြုပြင်မှု ဖြစ်စဉ်တွေရဲ့ အဓိက အချက်ပြ ဖြစ်စဉ် တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီး နောက်မှာ သုတေ သီတစ်စုဟာ အဆိုပါ ဆေးဝါးကို ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။

ကြွက်တွေနဲ့ စမ်းသပ်ကြည့်ရာမှာတော့ အဆိုပါဆေးက အသက်ကြီးရင့်မှု ဒါမှမဟုတ် ဓာတ်ရောင်ခြည် ဖြာထွက်မှုထိတွေ့မှုတွေကြောင့် ဒီအန်အေပျက်စီးမှုကို တိုက်ရိုက် ပြုပြင်နိုင်ကြောင်း တွေ့ရှိခဲ့ ရပါတယ်။

“ ရက်သတ္တပတ် တပတ် အကြာ ဒီဆေးနဲ့ ကုသပေး ပြီးနောက်မှာ အိုမင်းနေတဲ့ ကြွက်နဲ့ ငယ်ရွယ်တဲ့ ကြွက်က ရတဲ့ ဆဲလ်တွေကို ခွဲခြား လို့ မရနိုင် တော့ပါဘူး” လို့ အဆိုပါ သုတေသနကို ဦးဆောင်နေတဲ့ ပါမောက္ခ ဒေးဗစ်ဆင်း ကရဲယာ က ပြောဆို ခဲ့ပါတယ်။

အဆိုပါဆေးဝါးကို လာမယ့်ခြောက်လ အတွင်းမှာ လူသားတွေနဲ့စမ်းသပ်မှု စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။

တကယ်လို့ စမ်းသပ်မှု အောင်မြင် ခဲ့မယ် ဆိုရင်တော့ လူသားတွေ အသုံးပြုဖို့ ထိရောက်ပြီး ဘေးအန္တရာယ် ကင်းတာ သေချာအောင် သုံးနှစ် ကနေ ငါးနှစ် အထိ ထပ်ပြီး လေ့လာ စမ်းသပ် ကြရဦးမှာ ဖြစ်ပါတယ်လို့ ပါမောက္ခ ဒေးဗစ်ဆင် ကရဲယာက ဆက်လက် ပြောဆို ခဲ့ပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news

Read More »

Sunday, December 18, 2016

စိတ်ပညာနဲ့ သိပ္ပံနည်းကျ လက်ထပ်ဖို့ အကောင်းဆုံး အသက်ရွယ်




အိမ်ယာ တည်ထောင် လူတို့ဘောင်မှာ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်ကြတယ်၊ မြတ်နိုး ကြတယ်၊ လက်ထပ် ပေါင်းသင်း ကြတယ်-ဆိုတဲ့ အကြောင်း အရာတွေကို အရေးကြီး လူမှုရေး လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ရှုမြင် ဆောင်ရွက် ကြပါတယ်။

ဒါပေမယ့် သိပ္ပံနည်းကျ အရတော့ လက်ထပ်သင့်တဲ့ အရွယ်နဲ့ လက်မထပ်သင့်တဲ့ အရွယ် ရယ်လို့ ရှိပါတယ်။



အသက် 20 အောက်၊ သို့မဟုတ် အသက် 20 မှ အသက် 29 အောက် အသက် အရွယ်ဟာ လက်ထပ်ဖို့ရန် မသင့်သေးတဲ့ အချိန်လို့ ဆိုပါတယ်။

1995 ခုနှစ်မှာ ကောက်ယူခဲ့တဲ့ စစ်တမ်း အရတော့ အဲဒီ အသက်အရွယ်တွေမှာ လက်ထပ် ခဲ့ကြသူတွေဟာ အသက်အရွယ် ငယ်ရွယ်ရင် ငယ်ရွယ် သလောက်၊ ကွာရှင်းမှုမှာ လက်ထပ်ပြီး 5 နှစ်မှ 10 နှစ် အတွင်း ဖြစ်ပေါ်ပါတယ်။

အမေရိကန်မှာ ပြုစုထားတဲ့ ကွာရှင်းမှုရာခိုင်နှုန်းတွေကတော့-

  • အသက် 20 မှ 24 နှစ် 36.6 (% မ ) – 38.8 (% ကျား)
  • အသက် 25 မှ 29 နှစ် 16.4 (% မ ) – 22.3 (% ကျား)
  • အသက် 30 မှ 34 နှစ် 8.5 (% မ ) – 11.6 (% ကျား )
  • အသက် 35 မှ 39 နှစ် 5.1 (% မ ) – 6.5 (% ကျား ) -တို့ ဖြစ်ပါတယ်။



ဒါကြောင့် သိပ္ပံနည်းကျ အရ ဆိုရင်တော့ လက်ထပ်ဖို့ အကောင်းဆုံး အသက်အရွယ်ဟာ 30 နှစ်နောက်ပိုင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။

အသက်အရွယ် ငယ်ရွယ်စဉ်မှာ အချစ်ကို လက်ခံ လိုက်ကြတဲ့ လူငယ်တော်တော် များများဟာ အသက်အရွယ် ငယ်ရွယ်မှုနဲ့ မဆိုင်တော့တဲ့ အသိဉာဏ်တွေ ၀င်လာပါတယ်။

ဥပမာအားဖြင့် အချစ်ကိုတောင် လက်ခံနိုင်တဲ့ အချိန်မှာ အခြားကိစ္စရပ်တွေကိုလည်း ပိုင်နိုင်စွာ ဆုံးဖြတ်နိုင်ပြီလို့ ယူဆ ကြပါတယ်။

ဒီလိုဖြစ်ရခြင်း အကြောင်းအရင်း မှာလည်း ဟိုမုန်းတွေ တက်ကြွနေတဲ့ အသက်အရွယ်ဖြစ်လို့ ဟောဟောဒိုင်းဒိုင်း ဆုံးဖြတ်ကြချိန် ဖြစ်ပါတယ်။

ဒီလိုနဲ့ အသက်အရွယ် ကြီးရင့်လာတဲ့ နောက်ပိုင်းမှာ ဆုံးဖြတ်ချက်တွေ မရေရာတော့ဘဲ ကွာရှင်းမှု မြင့်တက် သွားရခြင်း ဖြစ်ပါတယ်။



အသက် 29 သို့မဟုတ် 30 နောက်ပိုင်းမှာ လက်ထပ် ကြတဲ့ သူတွေဟာ ကွာရှင်းမှုနှုန်း ဘာကြောင့် နည်းသွား တာလဲဆိုတဲ့ အဖြေ ကလည်း ရှိပြီးသား ဖြစ်ပါတယ်။

အသက်အရွယ် အရ အရာရာကို စဉ်းစား ဆင်ခြင်နိုင်တဲ့ အရွယ်ဖြစ်ပါတယ်။

ဆုံးဖြတ်ချက်တွေ မှန်သမျှကို စိတ်ခံစားမှု ဦးစားပေးနဲ့ ဆုံးဖြတ်ခဲ့တာ မဟုတ်တော့တဲ့ အတွက်၊ အမှားနည်း ပါတယ်။

ဒီအတွက် ပြင်ဆင်ရန် သိပ်ရှိလေ့ မရှိပါဘူး။ ဒါပေမယ့် ဒီအသက်အရွယ်ထိ ကလေး သူငယ်စိတ် မပျောက်သေးတဲ့ သူတွေကတော့ ချွင်းချက် အနေနဲ့ ရှိနေ ပါသေးတယ်။

ဒါကြောင့်လည်း 9% နီးပါးမှ 11 % အထိ ကွာရှင်းမှုတွေက ရှိနေသေးတာ ဖြစ်ပါတယ်။

source : time.com

From : SHWEMOM by နတ်စည်တော် (Shwemom)

Originally published at - http://www.shwemom.com/math-says-this-is-the-perfect-age-to-get-married/

Read More »

Saturday, December 17, 2016

ဇရာကို အံတုပြီး နုပျိုစေမယ့် နည်းလမ်းရှာတွေ့ပြီဟု ပညာရှင်များဆို




အိုခြင်း ဆိုတဲ့ ဇရာနဲ့ လူ့ သက်တမ်းကို ဆွဲဆန့် ထားနိုင်တဲ့ နည်းလမ်းကို တွေ့ပြီလို့ သိပ္ပံပညာရှင် တွေက အခိုင် အမာပြော လိုက်ပါပြီ။

ဆဲလ်တွေကို ပြန်လည် အစီအစဉ်ချ ဖွဲ့စည်းခြင်းဟာ လူသက်တန်းကို ဆွဲဆန့် ထားနိုင်မှာ ဖြစ်သလို၊ ဇရာ ကိုလည်း (ဥပမာ-အသားအရေ တွဲတာ၊ ဆံပင်ဖြူတာ..)
တွေကို အံတုနိုင်မယ်လို့ လေ့လာ တွေ့ရှိချက် တစ်ရပ်က အခိုင်အမာ ပြောလိုက် တာပါ။

ဒီနည်းလမ်းကိုသုံးပြီး လက်ရှိ ဗြိတိန်နိုင်ငံရဲ့ ပျှမ်းမျှ လူ့သက်တမ်း (၈၁)နှစ်ကို နောက်ပိုင်း မှာတော့ (၁၀၈)နှစ် အထိ ဆွဲဆန့်လို့ ရလာနိုင် ပါတယ်။



ကယ်လီဖိုးနီးယားမှာရှိတဲ့ Salk တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဇရာကိုအံတုနိုင်တဲ့ ပြောင်းလဲမှုမရှိတည်ငြိမ်တဲ့ ဗီဇ (genes)တွေကို တွေ့ခဲ့ပါတယ်။

အဲ့ဒီ genes တွေဟာ အသက်အရွယ်ကြီးရင့်မှုကြောင့် ဖြစ်ပေါ်လာတဲ့အရာတွေကို အချိန်ဆွဲပေးထားနိုင်ပါတယ်။ထူးခြားတာတော့ လူသားတွေရဲ့အရေပြားဆဲလ်တွေကို ချက်ချင်းလက်၎င်း တစ်ဖန် ပြန်လည်နုပျိုလာအောင် ပြုလုပ်ပေးနိုင်စွမ်း ရှိပါတယ်။



ကြွက်တွေနဲ့ စမ်းသပ်ကြည့်တဲ့ အခါမှာတော့ အရွယ် မတိုင်မှီ အိုမင်း ရင့်ရော်မှုတွေ၊ လက္ခဏာတွေနဲ့ သက်တမ်းကို (၃၀) ရာခိုင်နှုန်းလောက် ဆွဲဆန့်ပေးနိုင် တာကို တွေ့ခဲ့ ပါတယ်။

ဒါပေမယ့်လည်း ဒီတွေ့ရှိချက်ကို နောက်ထပ် (၁၀)နှစ်လောက် အချိန်ယူစမ်း သပ် စစ်ဆေးမှုတွေ လုပ်ပေးဖို့ လိုအုံးမယ်လို့ သိရပါတယ်။

Ref;Daily Mirror

From : SHWEMOM by nilarwai

Originally published at - http://www.shwemom.com

Read More »

Sunday, December 4, 2016

မကြာတော့မယ့် အနာဂတ်အတွင်း ပျောက်ကွယ် သွားတော့မယ့် မြို့ကြီး (၆) မြို့




လူသားတွေ အနေနဲ့ ကမ္ဘာ ကြီးမှာ အသက်ရှ င်ရပ်တည်နိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစား ခဲ့ကြတာ မှန်ပါတယ်။ ကမ္ဘာ့ အမြင့်ဆုံး တောင်ထိပ် ကိုလည်း တက်နိုင် ခဲ့ကြသလို သမုဒ္ဒရာအောက် အနက်ရှိုင်းဆုံး နေရာ ကိုလည်း ရောက်နိုင် ခဲ့ကြပါပြီ။ ဒါပေမဲ့ လူသားတွေ မလွန်ဆန်နိုင်တဲ့ သဘာဝရဲ့ ကပ်ဘေးဆိုးကြီး တွေက ကမ္ဘာပေါ်က သက်ရှိ သတ္တဝါတွေကို ပုံစံ အမျိုးမျိုးနဲ့ သုတ်သင်နေ ကြပါတယ်။

ရေကြီးတာတွေ၊ မုန်တိုင်းတွေ၊ မီးတောင်တွေ၊ လေဆင်နှာမောင်းတွေနဲ့ ငလျင်ဆိုတဲ့ ဘေးဆိုးတွေကို ရှောင်လွှဲနိုင်ခွင့် လူသားတွေမှာ မရှိသေးပါဘူး။

သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ သဘာဝပတ်ဝန်းကျင်ကြောင့်ရော လူသားတွေ ပြုလုပ်တဲ့ ဖျက်ဆီးမှုတွေကြောင့်ပါ မကြာတော့မယ့် အနာဂတ်အတွင်း လုံးဝ ပျောက်ကွယ်သွားတော့မယ့် အဓိက မြို့ကြီး (၆) မြို့ရှိပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့

သမုဒ္ဒရာ မျက်နှာပြင် အဆက်မပြတ် မြင့်တက်လာနေတဲ့အတွက် မကြာခင်မှာ နစ်မြုပ်တော့မယ့် မြို့ဖြစ်ပါတယ်။ နောက် တစ်ချက်က မြို့ရဲ့ အောက်ခြေမှာ သောက်ရေ အတွက် လှိုဏ်ခေါင်းတူးဖော်ထားတဲ့ အတွက် မြို့ရဲ့ အောက်ခံဖောင်ဒေးရှင်းက တဖြည်းဖြည်း အင်အားလျော့နည်းလာတာ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့
အမေရိကန် ပြည်ထောင်စုရဲ့ ပျော်စရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးဖြစ်တဲ့ ဆန်ဖရန်စစ္စကိုမြို့ဟာ အဓိက ငလျင်ကြောကြီး တစ်ခုရဲ့ တည့်တည့်
ပေါ်မှာရှိနေပြီး အရမ်းကို ပမာဏ ကြီးမားတဲ့ ငလျင်ကြီး တစ်ခုက ဒီရာစုနှစ် မကုန်ခင်မှာ လှုပ်ဖို့ ၇၅ ရာခိုင်နှုန်း ရှိတာကို ပညာရှင်များက တွေ့ရှိ ထားပါတယ်။

အီတလီနိုင်ငံ၊ ဗင်းနစ်မြို့
လှပတဲ့ မြို့တော်အဖြစ် နာမည်ကြီးပြီး မြို့တစ်ခွင်လုံးက လမ်းတွေက မြေလမ်းတွေထက် ရေကြောင်း လမ်းတွေက ပိုများတာကို တွေ့ရမှာပါ။ ဒါပေမဲ့ ရေကြီးရေလျှံမှုတွေ ပုံမှန်ဖြစ်တတ် သလို ဘန်ကောက်မြို့လိုပဲ သမုဒ္ဒရာ မျက်နှာပြင် မြင့်တက် လာမှုကြောင့် နစ်မြုပ် သွားမှာ ဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံ မက္ကဆီကို မြို့တော်
မက္ကဆီကိုမြို့တော်ရဲ့နေရာအများစုက ရေခန်းခြောက်နေတဲ့ ရေအိုင်ကြီးတွေပေါ်မှာ တည်ဆောက်ထားတာဖြစ်တဲ့အတွက် အောက်ခံဖောင်ဒေးရှင်းက မခိုင်ခံဘူးလို့ ဆိုရမှာပါ။ ဒီအကြောင်းကြောင့်ပဲ နှစ်စဉ် ၄ လက်မလောက် နိမ့်ကျလာလျက်ရှိပြီး နှစ် ၄၀ အတွင်း ၁၀ မီတာကျော် နိမ့်ကျလာပြီဖြစ်ပါတယ်။

အာဖရိကတိုက် ဘန်ဂျူးမြို့
သမုဒ္ဒရာ အစပ်မှာရှိတဲ့ မြို့ဖြစ်ပြီး တဖြည်းဖြည်းနဲ့ ရေတိုက်စားလာတဲ့အတွက် ကမ်းခြေနဲ့ မြို့ရဲ့ အဓိက ကုန်းမြေက ၂ ကီလိုမီတာ အကွာအဝေးပဲ ရှိတော့တဲ့ မြို့ဖြစ်ပါတယ်။

အီတလီနိုင်ငံ နေပယ်မြို့
သမိုင်းဝင် ရှေးအကျဆုံးမြို့ တစ်မြို့ ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ အလှပဆုံး မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ နေပယ်မြို့က မောင့်ဗီဆူးဗီးယပ်စ် မီးတောင်ရဲ့ ကပ်လျက် မာရှိတဲ့ မြို့ဖြစ်ပြီး အဲ့ဒီ မီးတောင်က အေဒီ ၇၉ က ပွန်ပေမြို့တော်ကြီးကို ဖျက်စီးပစ် ခဲ့တဲ့ မီးတောင်ကြီးဖြစ်ပြီး အခုထိ ရှင်သန်နေဆဲ မီးတောင် တစ်ခုဖြစ်ပြီး ပေါက်ကွဲနိုင်ချေ များလာတဲ့ အတွက် နေပယ်မြို့က မကြာခင် ပျက်စီးမယ့် အလားအလာ ရှိနေပါတယ်။

Ref:higherperspectives

From : TrendMyanmar

Originally published at - http://www.trend.com.mm

Read More »

Monday, August 1, 2016

လူ့မျက်နှာပေါက်ကိုပင် မှတ်မိအောင် လေ့ကျင့်ပေးနိုင်သည့် ဉာဏ်ကြီးရှင် ငါး




ငါးတွေ ဉာဏ် ထက်ကြောင်း သက်သေ ပြဖို့ ကြိုးစား တာဟာ မလွယ်လောက် ဘူးလို့ ထင်စရာပါ။ ဒါပေမယ့် ဗြိတိန်နဲ့ သြစတြေးလျမှ သိပ္ပံ ပညာရှင် တွေက ငါးတွေဟာ ရှုပ်ထွေးတဲ့ သဏ္ဌာန် တွေနဲ့ အဆင် အကွက် တွေကို ခွဲခြား နိုင်စွမ်းရှိကြောင်း ပြသ ခဲ့ပါတယ်။

တချို့ငါးတွေဆိုရင် လူ့မျက်နှာပေါက်ကို မှတ်မိအောင်တောင် လေ့ကျင့်ပေးလို့ ရပါတယ်။

ဒီ လေးသည်တော်ငါးကို လူ ၂ ယောက်ရဲ့ မျက်နှာပေါက် ပုံရိပ်တွေပြကာ ဓာတ်ပုံကို ရေပန်းနဲ့ မှုတ်ထုတ်ပြီး ၂ ယောက်ထဲက ၁ ယောက်ကို ရွေးချယ် တတ်အောင်
လေ့ကျင့်ပေး ခဲ့ပါတယ်။

ဒီငါးက ပေးထားတဲ့အချိန်အတွင်း လူ ၄၄ ဦးထဲက တယောက်ကို ခွဲခြားမှတ်မိနိုင်ခဲ့ပါတယ်။ တခြားတိရစ္ဆာန်တွေလို အမြင်အာရုံ မှတ်ဉာဏ်အတွက် အသုံးချတဲ့ ဦးနှောက်အစိတ်အပိုင်း မပါဘဲ ခုလို ခွဲခြားဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“ငါးရဲ့ဦးနှောက်ကိုကြည့်ရင် သိပ်ကိုတွန့်ခေါက်နေတဲ့ ဟောဒီ နီယိုခေါတက်ခ်စ်ရဲ့ အောက်မှာ ရှေးဦးလူသားရဲ့ ဦးနှောက်မျိုး ရှိနေတာကို တွေ့ရတယ်။ ဒါပေမယ့် သိပ်ကိုရှုပ်ထွေးတဲ့ အမူအကျင့်တွေကို လုပ်နိုင်ပါတယ်။ အခု ကျနော်တို့ပြသခဲ့သလို မျက်နှာပေါက်ကို ခွဲခြားမှတ်သားတာ၊ အုပ်စုဖွဲ့နေထိုင်တာမျိုးတွေက အစပေါ့။
နောင်တချိန်မှာ လက်နက်ကို အသုံးချလာနိုင်တယ်လို့ ယူဆရတဲ့ အထောက်အထားတွေလည်း တွေ့ထားတယ်။”

ပီကာဆိုထရစ်ဂါးဖစ်ရှ်လို့ခေါ်တဲ့ ဒီငါးဆိုရင်လည်း အဖြူပြားတွေ အများကြီးကြားထဲကနေ အနက်ပြားကို ရွေးချယ်နိုင်စွမ်း ရှိပါတယ်။ သားပေါက်ဖို့အတွက် ၁ နှစ်ပြီး ၁ နှစ် တနေရာတည်းကို ပြန်သွားနိုင်စွမ်းရှိတာကို ကြည့်ရင် ဒီငါးတွေရဲ့ မှတ်ဉာဏ်ကို သဘောပေါက်သွားမှာပါ။

“တကယ့်ကို သာမန်ဦးနှောက်နဲ့ သူတို့တတွေရဲ့ စွမ်းရည်ဟာ အံ့အားသင့်စရာပါ။ သာမန်ဦးနှောက်လို့ ပြောရတာ သိပ်တော့ အဆင်မပြေဘူးလို့ ထင်စရာပါ။ ဒါပေမယ့် ကျနော်ကတော့ သူတို့ဦးနှောက်ဟာ သူတို့အလုပ်နဲ့ အပြည့်အ၀ အလိုက်ပြောင်းနိုင်တယ်လို့ ထင်တယ်။ လူသားဦးနှောက်နဲ့ ကွဲပြားပေမယ့် တာဝန်အသီးသီးအတွက် ဖွံ့ဖြိုးလာပုံချင်းတော့ အတူတူပါ။ ဒါက အရေးကြီးပါတယ်။”

လူ့မျက်နှာပေါက်မှာလို မသိမသာ ကွဲပြားမှုတွေကို ခွဲခြားမှတ်မိနိုင်စွမ်း ရှိဖို့အတွက် ရှုပ်ထွေးတဲ့ ဦးနှောက်စွမ်းရည်တွေဟာ မရှိမဖြစ် အရေးပါနေတာတော့ မဟုတ်ဘူးလို့ သူတို့အဖွဲ့က ဆိုပါတယ်။ ဒါကြောင့် နောက်များ အိမ်က အလှမွေးငါးတွေကို အစာကျွေးဖို့မေ့ခဲ့ရင် ကန်ထဲက စိန်းစိန်းဝါးဝါး ကြည့်နေတဲ့ မျက်လုံးတွေက ဘယ်သူ့မှာ အပြစ်ရှိလဲဆိုတာ သိကောင်းသိနေမှာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/161718

Read More »

Thursday, July 28, 2016

အနာဂတ်တွင် ပိုးဟပ်နို့ကို ပင်မအစားအစာ အဖြစ် မှီဝဲနိုင်မည် ဟုဆို




နယူးယောက် ၊ ၂၈-၇-၂၀၁၆

ပိုးဟပ်၏အူသိမ် ထဲတွင် ပရိုတိန်း ပုံဆောင်ခဲ တစ်ခုကို တွေ့ရပြီး ၄င်း ပရိုတိန်းသည် နွားနို့တွင် ပါဝင်သော ပရိုတိန်းထက် လေးဆ ပို၍ အဟာရ ကြွယ်ဝ သဖြင့် အနာဂတ်တွင် ပိုးဟပ် ထံမှ ရရှိသော ပရိုတိန်းဖြင့် ပြုလုပ်သော ပိုးဟပ်နို့ သည် လူသားများ အတွက် ပင်မ အစားအစာ တစ်မျိုး ဖြစ်လာနိုင်ဖွယ် ရှိကြောင်း နိုင်ငံတကာ သုတေသီများက ပြောသည်။

" ပိုးဟပ် အများစု ကနေ နို့ မထွက် ပါဘူး။ နောက်ပြီး ပိုးဟပ်ကို အကောင်လိုက် မွေးတာလည်း Diploptera Punctate ဆိုတဲ့ အမျိုး အနွယ် တစ်ခုပဲ ရှိပါတယ်။

ဒီပိုးဟပ်က သူ့ ကလေးကို နို့ တိုက်ပါတယ်။ အဲဒီနို့ ထဲမှာ ထူးခြားတဲ့ ပရိုတိန်း ပါဝင်တာဖြစ်ပြီး ဒီပရိုတိန်းကို လူသားတွေ ကလည်း အစာအဖြစ် မှီဝဲနိုင်မှာ ဖြစ်ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။

" အင်းဆက်ကောင် ကနေ နို့ ထွက်တယ် ဆိုတာ ထူးခြားတဲ့ ကိစ္စပါ။ နို့ ထွက်တာ ကလည်း ပိုးဟပ်ဆိုတော့ ပိုပြီး စိတ်ဝင်စားဖို့  ကောင်းသွား တာပေါ့။ ဒီထက် ထူးခြား တာက နို့ထဲပါတဲ့ ပရိုတိန်းပါ။ ပုံဆောင်ခဲ တစ်ခုတည်းနဲ့ ပရိုတိန်း ဖြစ်နေလေတော့ ပိုပြီးထူးခြား ပါတယ်။ ဒါ့အပြင် အဟာရ ကလည်း နွားနို့ထက် ၄ ဆကျော်၊ ကျွဲနို့ထက် ၃ ဆ ကျော် ပိုပြီး ပါဝင်နေ ပါတယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။

" အဲဒီပရိုတိန်း ပုံဆောင်ခဲ တွေမှာ အစားအစာထဲ ပါဝင်ဖို့ လိုအပ်တဲ့ အဟာရတွေ အတော်လေး စုံစုံလင်လင် ပါဝင် ပါတယ်။ ပရိုတိန်း၊ အဆီ၊ သကြား တို့ အဓိက ပါဝင်ပါတယ်။ ဘယ်ပရိုတိန်း ကိုပဲ ကြည့်ကြည့်၊ ဒီအဟာရ သုံးမျိုး ပါဝင်ပါတယ်။ ဒါတွေဟာ သက်ရှိဆဲလ်တွေ ရှင်သန် ကျန်းမာနိုင်ဖို့  အရေးတကြီး လိုအပ်တဲ့ ဓတ်တွေ ဖြစ်ပါတယ် " ဟု ၄င်းက ဖြည့်စွက် ပြောပြသည်။

နို့ တွင် ကယ်လိုရီ နှင့်အာဟာရ ကျစ်လျစ် သိပ်သည်းစွာ ပါဝင်ကြောင်း၊ နို့ သောက်လိုက်ပြီး အစာအိမ်က ခြေဖျက်သော အခါ ပရိုတိန်းထဲမှ ပုံဆောင်ခဲများ ထွက်လာကြောင်း၊ ယင်း ပုံဆောင်ခဲများက ပရိုတိန်း များကို ထပ်မံထုတ်လွှတ် ပေးကြောင်း၊ ထို့ ကြောင့် နို့ သောက်ခြင်းဖြင့် လိုအပ်သော ပရိုတိန်း ပမာဏကို ကောင်းစွာရရှိ နိုင်ခြင်းဖြစ် ကြောင်း သိရသည်။

ပိုးဟပ်ကို နွားကဲ့သို့ နို့ ညှစ်ရန်မှာ မဖြစ်နိုင်ကြောင်း၊ ထို့ ကြောင့် ပိုးဟပ်တွင် နို့ ဖြစ်စေသည့် ပရိုတိန်း တွင်ပါဝင်သည့် ဗီဇဓာတုပစ္စည်း များကို ဓာတ်ခွဲခန်းတွင် ပုံတူပြုလုပ်ကာ လူလုပ်ပိုးဟပ်နို့  ကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ သို့ တည်းမဟုတ် ပိုးဟပ်များ ထံမှ ယင်းပရိုတိန်းကို ထုတ်ယူကာ နို့ ရည်အဖြစ် ဖန်တီး နိုင်အောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Cockroach Milk May Be The Next Hottest Superfood, Scientists Claim It Could Be A Healthy Alternative
Drink cockroach milk; It may be world's most healthy protein supplement

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/07/blog-post_937.html

Read More »

Saturday, July 2, 2016

ကမ္ဘာ့အကြီးဆုံး မြေအောက် ကမ္ဘာ



ဗီယက်နမ် လယ်သမား တဦးဟာ ၁၉၉၁ ခုနှစ်က ဗီယက်နမ် နိုင်ငံ Phon Nha-Ke Bang အမျိုးသား ပန်းခြံထဲမှာ အရင်က မတွေ့ခဲ့ ဖူးသေးတဲ့ ဂူတလုံးကို မထင်မှတ်ဘဲ တွေ့ရှိ ခဲ့ပါတယ်။ ဂူရဲ့ အ၀င်ဝ အရောက်မှာတော့ အလွန် ကျယ်လောင် မြည်ဟီး စီးဆင်းနေတဲ့ ရေစီးသံတွေ ကြားလိုက် ရတော့ သူလည်း ကြောက်ရွံ့ပြီး ဂူထဲဆက် မ၀င် ရဲတော့ ပါဘူး။ ဒေသ ခံတွေက အဲဒီဂူကို Son Doong လို့ ခေါ်ပေမယ့် ဘယ်သူမှ နောက်ထပ် ရှာဖွေမှုတွေ မလုပ်ရဲ ကြပါဘူး။

၂၀၀၉ ခုနှစ် မှာတော့ ဟောင်းဝပ် လင်းဘတ် (Howard Limbert) ဦးဆောင်တဲ့ ဗြိတိသျှ သုတေသနနဲ့ လေ့လာ ရှာဖွေရေး အဖွဲ့ အဲဒီဂူကို ရောက်ရှိ ခဲ့ပြီး ဂူအတွင်း ၀င်ရောက် လေ့လာဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ သူတို့ ဂူ အတွင်းထဲ ၀င်ရောက် လေ့လာတော့ အဲဒီ ဂူဟာ ၅ ကီလို မီတာ ရှည်ပြီး၊ မီတာ ၁၅၀ ကျယ်တဲ့ အလွန်ကြီးမားတဲ့ ဧရာမ ဂူကြီး ဖြစ်နေတာကို တွေ့ရှိ ရပါတယ်။



အဲဒီဒေသ အဲဒီဂူမှာ ဒေသရင်း ပန်းပင်တွေ၊ ဒေသရင်း တိရစ္ဆာန် မျိုးစိတ်တွေ၊ သဘာဝ ရေကန်တွေ၊ တခြား ဒေသတွေနဲ့ မတူတဲ့ မိုးတိမ်တွေတောင် ရှိနေပါတယ်။ အဲဒီ ထူးခြား ကြီးမားတဲ့ ရင်သပ်ရှုမောစရာ ဂူတွင်း ဓာတ်ပုံတွေ ဖော်ပြပေးလိုက်ပါတယ်။



ဂူအတွင်းကို ၀င်ရောက်နိုင်ဖို့ မီတာ ၈၀ အမြင့်ကနေ ကြိုးနဲ့ အောက်ကို ဆင်းရပါတယ်။



ဂူထဲမှာ တော်တော်လေး ရေစီးသန်တဲ့ ချောင်းငယ်တခုကို တွေ့ရတယ်။



မြစိမ်းရောင် ရေကန်တွေရယ်၊ သဲသောင်ပြင်လေးတွေရယ်လည်း တွေ့ရတယ်။



ဂူထဲမှာတော့ ရှေးခေတ် ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ ကျောက်စက်ပန်းဆွဲတွေလည်း တွေ့ရတယ်။



မီတာ ၇၀ လောက်ရှည်လျား မြင့်မားတဲ့ ကျောက်စက်ပန်းဆွဲတွေက အဲဒီ ဂူထဲမှာသာ တွေ့နိုင်တယ်။



ဂူထဲက တချို့နေရာတွေမှာ သစ်ပင်တွေ ထူထပ်စွာ ပေါက်ရောက်နေကြပြီး မျောက်တွေ၊ အောက်ချင်းငှက်တွေနဲ့ လင်းနို့ စတဲ့ တိရစ္ဆာန်တွေလည်း အဲဒီမှာ ကျက်စားနေထိုင်ကြတယ်။



အဲဒီ ဂူထဲမှာပဲ အပြင်လောက ကမ္ဘာက ရာသီဥတုနဲ့ ခြားနားတဲ့ သီးခြား ရာသီဥတု၊ သီးခြား တိမ်တွေနဲ့ ပိုပြီး အေးစိမ့်တဲ့ လေထုလည်း ရှိနေတယ် လို့ သိရပါတယ်။




Source: http://brightside.me

Photo credit: flickr and http://brightside.me

ဧရာဝတီ by Hsu Wai Linn

Originally published at - http://burma.irrawaddy.com/lifestyle/2016/07/02/117527.html

Read More »

Thursday, June 16, 2016

ကမ္ဘာမြေမှ မီသိန်းဓာတ်ငွေ့များ ယိုစိမ့်နေမှုကို NASA က အာကာသမှ ပထမဆုံး အကြိမ် ရှာဖွေတွေ့ရှိ


NASA saw Aliso Canyon methane gas leak from space

ဝါရှင်တန် ၊ ၁၆-၆-၂၀၁၆

အာကာသ အတွင်း လှည့်ပတ် နေသည့် NASA ၏ အာကာသယာဉ် သည် ကမ္ဘာမြေ ပေါ်ရှိ သဘာဝ ဓာတ်ငွေ့ နှင့် ရေနံများ သိုလှောင် ထားသည့် အဆောက် အအုံ တစ်ခုမှ မီသိန်း ဓာတ်ငွေ့ များ ယိုစိမ့် နေမှုကို ပထမဆုံး အကြိမ် အဖြစ် ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း ဇွန် ၁၅ ရက် ထုတ်ပြန်ချက် များအရ သိရသည်။

NASA အဖွဲ့သည် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ပေါ်တာရန့်ခ်ျ ဒေသ အနီးရှိ Aliso Canyon အဆောက် အအုံမှ မီသိန်း ဓာတ်ငွေ့များ ယိုစိမ့် နေခြင်းကို Hyperion ကိရိယာ အသုံးပြု၍ ပထမဆုံး အကြိမ် ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေ့လာ တွေ့ရှိချက်သည် အားကောင်းသည့် ဖန်လုံအိမ် ဓာတ်ငွေ့များ ထုတ်လွှတ် နေခြင်းကို အာကာသမှ ရှာဖွေမှုများ လုပ်ဆောင်ရန် နှင့် လေ့လာ စောင့်ကြည့်ရန်တို့ အတွက် အရေးကြီးသော အောင်မြင်မှု ရလဒ်တစ်ခု ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ မီသိန်း ဓာတ်ငွေ့များ ယိုစိမ့်နေမှု ကို အာကာသမှ ရှာဖွေတွေ့ရှိ မှုသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း NASA မှ သုတေသီ တစ်ဦးဖြစ်သည့် ဒေးဗစ်သွမ်ဆန် က ပြောကြား ထားသည်။

အဆိုပါ သုတေသန ပြုလုပ်မှုသည် ပြီးခဲ့သည့်နှစ် က ယင်း အဆောက် အအုံ မှ မီသိန်း ဓာတ်ငွေ့များ မတော်တဆ ယိုစိမ့်မှု ဖြစ်ပွား ခဲ့ခြင်းကို စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်ရန် တစ်စိတ် တစ်ပိုင်း ပါဝင်ကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/06/nasa.html

Read More »

ဖန်တီးထားသည့် နာနိုချောင်း များက လေထုမှ ရေငွေ့ကို စုပ်ယူကာ ရေအဖြစ် သိုလှောင်ထားနိုင်သည့် အစွမ်းရှိ




ဝါရှင်တန် ၊ ၁၆-၆-၂၀၁၆

Pacific Northwest National Laboratory (PNNL) မှ သုတေသီ များသည် ကာဗွန်ကြွယ်ဝသော နာနို အချောင်း များကို ဖန်တီး ပြုလုပ် ခဲ့ရာ လေထုမှ ရေငွေ့ကို စုပ်ယူကာ ရေအဖြစ် သိုလှောင်ပေးထား နိုင်သည့် အစွမ်း ရှိကြောင်းကို အမှတ်မထင် တွေ့ ရှိခဲ့သည် ဟု သိရသည်။

''ဒါဟာ နှစ်ပေါင်း ၂ဝ အတွင်း တစ်ခါမှ သက်သေမပြ နိုင်ခဲ့တဲ့ စွမ်းအင်ကုန်ခန်းမှု နည်းပါးစွာနဲ့ ရေကိုရယူ သိုလှောင်နိုင်တဲ့ စနစ်ကို လက်တွေ့ လုပ်ပြနိုင်တာ ဖြစ်ပြီး ချွေးကို စုပ်ယူထုတ်ပေး နိုင်တဲ့ အဝတ်အထည် အစတွေ ထုတ်လုပ်လို့ ရနိုင်မယ့် နည်းလမ်းကောင်း ရှိပြီဆိုတဲ့ အထောက် အထားပါပဲ''ဟု PNNL မှ သုတေသီ တစ်ဦးက ပြောပြသည်။

''ပုံမှန်အားဖြင့် ပတ်ဝန်းကျင် လေထု စိုထိုင်းဆ များလာရင် များလာတဲ့အတိုင်း ပစ္စည်းတွေ အရာဝတ္ထု တွေက ရေကိုပိုပြီး စုပ်ယူပါတယ်။ ဒါပေမဲ့ လေထု စိုထိုင်းဆ ၅ဝ ကနေ ၈ဝ ရာခိုင်နှုန်း ရှိလာတဲ့အခါ ဒီနာနိုအချောင်း တွေက ဆန့် ကျင်ဘက် ကိစ္စကို လုပ်ပေးပြီး ရေကို ပြန်ထုတ်ပေး ပါတယ်။ တခြားသော အရာဝတ္ထုတွေ က ရေကိုစုပ်ယူတဲ့ အချိန်မှာ နာနိုအချောင်း တွေ က ရေကိုစုပ်ယူပြီး ပြန်ထုတ်ပေးတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် လေထဲကနေ ရေအား စုပ်ယူ ထုတ်လုပ်နိုင်တဲ့ စနစ်ကို အမှတ်မထင် တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်'' ဟု ၄င်း က ဆက်လက် ပြောပြသည်။

သုတေသီများသည် အဆိုပါ နည်းစနစ်ကို အသုံးပြုကာ သဲကန္တာရ များတွင် ခရီးသွားလာ ရာ၌ ရေလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန် ရည်ရွယ် ဆောင်ရွက်လျက် ရှိပြီး အဝတ်အစား များတွင်လည်း အလွှာတစ်လွှာ အဖြစ် ထည့်သွင်းကာ ကိုယ်မှ ထွက်လာသော ချွေးကို အပြင်သို့ စုပ်ထုတ်နိုင်မည့် စနစ်ကိုလည်း စမ်းသပ်လျက် ရှိကြောင်း သိရသည်။

''နာနိုအချောင်း တွေကို လူသား အကျိုးပြု လုပ်ငန်းအတွက် အသုံးပြု သွားပါမယ်။ အခုအချိန်မှာ ဒီ နာနိုချောင်း တွေကို လိုအပ်တဲ့ပုံစံ၊ အထူ၊ အပါး ရရှိနိုင်ဖို့ ကြိုးပမ်းဆောင်ရွက် နေပါတယ်'' ဟု တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/06/blog-post_40.html

Read More »

Sunday, June 5, 2016

အမျိုးသမီးတွေက အမျိုးသားတွေထက် လိင်စိတ် ပိုပြင်းထန်သလား!!!




အမျိုးသား တွေထက် အမျိုးသမီးတွေက လိင်စိတ် ပိုပြင်းတယ်လို့ သုတေသန ရလဒ်တွေက ဆိုပါတယ်။

အမျိုးသား တွေဟာ သူတို့ရဲ့ ချစ်သူ ဒါမှမဟုတ် ဇနီးတွေရဲ့ လိင်စိတ် ဆန္ဒနဲ့ ပတ်သက်လို့ လျှော့တွက် တတ်ကြ ပေမယ့် တကယ် တော့ အမျိုးသမီးတွေမှာ သူတို့ရဲ့ ချစ်သူ ခင်ပွန်းတွေ ထင်ထား တာထက် ပိုပြီးတော့ လိင်ကိစ္စကို လိုချင်တဲ့ ဆန္ဒ ရှိနေနိုင် တယ်လို့ သုတေသီ တွေက ဆိုပါတယ်။

Toronto တက္ကသိုလ်နဲ့ Western Ontario တက္ကသိုလ်က စိတ်ပညာရှင်တွေ ပြုလုပ်ခဲ့တဲ့ သုတေသန တခုအရ ကာလရှည် ကြာစွာ လက်တွဲခဲ့တဲ့ သူတွေ ဖြစ်နေရင် တောင်မှ အမျိုးသားတွေ က သူတို့ရဲ့ ဇနီး၊ ချစ်သူတွေရဲ့ စိတ်ဆန္ဒကို လျှော့တွက်လေ့ ရှိတယ် ဆိုတာကို တွေ့ရှိ ခဲ့ပါတယ်။

သုတေသနမှာ လေ့လာမှု ၃ ပြုလုပ်ခဲ့ပြီး ဖျမ်းမျှ ၆ နှစ်လောက် လက်တွဲ ခဲ့ကြတဲ့ စုံတွဲ ၂၂၉ တွဲကို စမ်းသပ် ခဲ့တာ ဖြစ်ပါတယ်။ သူတို့ တွေက အသက် ၁၈ နှစ်က နေ ၆၈ နှစ်ကြား ဖြစ်ပြီးတော့ ပျှမ်းမျှ တပတ်ကို တကြိမ် သို့ မဟုတ် ၂ ကြိမ်လောက် လိင်ဆက်ဆံမှု ပြု ကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။

လေ့လာမှု အမှတ် (၁) အနေနဲ့ စုံတွဲ ၄၄ တွဲကို ၃ ပတ်ကြာ ကာလအတွက် နေ့စဉ် မှတ်တမ်း ရေးခိုင်း ပါတယ်။ သူတို့တွေဟာ ကိုယ့်ရဲ့ နေ့စဉ် လိင်စိတ်ဖြစ်ပေါ်မှု အခြေအနေကို မှတ်တမ်း တင်ရမှာ ဖြစ်သလို သူတို့ လက်တွဲဖော် တွေရဲ့ လိင်စိတ် အခြေအနေ အပေါ်အမြင်နဲ့ စိတ်ကျေနပ်မှု အနေအထား ကိုလည်း ထည့်ရေးရမှာ ဖြစ်ပါတယ်။

လေ့လာမှု အမှတ်(၂) အနေနဲ့ စုံတွဲ ၈၄ တွဲကို ဓာတ်ခွဲခန်းကို ခေါ်ယူပြီး အမှတ် (၁) မှာပါဝင်တဲ့ အချက် ၃ ချက်ကိုပဲ တကြိမ် တည်း မေးမြန်း မှတ်တမ်း တင်ပါတယ်။

လေ့လာမှု အမှတ် (၃) က စုံတွဲ ၁၀၁ တွဲက လည်း ဒီအချက် ၃ ခုကိုပဲ ၃ ပတ်ကြာ မှတ်တမ်းရေး ပေးရမှာ ဖြစပေမယ့် သူတို့ကို ကျတော့ လိင်ဆက်ဆံမှုကို ညင်းပယ်တဲ့ အခြေအနေ မရောက်အောင် ဘယ်လို လှုံ့ဆော်မှုတွေ ပြုလုပ်သလဲ ဆိုတာကိုပါ ရေးမှတ် ခိုင်းခဲ့ ပါတယ်။

လေ့လာမှု ၃ ခုလုံးမှာ တူညီနေ တာကတော့ အမျိုးသားတွေက အမျိုးသမီး တွေရဲ့ လိင်စိတ် ဆန္ဒကို လျှော့တွက် ခဲ့ကြပေမယ့် အမျိုးသမီးတွေ ကတော့ ကိုယ့်ရဲ့ အမျိုးသားဟာ လိင်မှု ကိစ္စ အပေါ် စိတ်ပါ ၀င်စားခြင်း ရှိ၊ မရှိ ဆိုတာကို မှန်ကန်စွာ ဖတ်နိုင် ကြတယ် ဆိုတာပါပဲ။

အမျိုးသားတွေက သူတို့ရဲ့ အဖော်က စိတ်ဝင်စားမှု နည်းတယ်လို့ ထင်ကြောင်း ရေးခဲ့ကြ ပေ မယ့် တချိန်တည်း မှာပဲ သူတို့ရဲ့ အမျိုးသမီးတွေက စိတ်ကျေနပ်မှု ရခဲ့တယ်လို့ ဖော်ပြ ထားတာကို သူတို့ မှတ်တမ်း တင်ခဲ့တဲ့ ဒိုင်ယာရီတွေ အရသိခဲ့ ရပါတယ်။

သုတေသီတွေကတော့ အမျိုးသားတွေက အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို လျှော့တွက်ကြတာဟာ ငြင်းဆန်ခံရမှာကို ရှောင်ရှားချင်တဲ့ စိတ်ကြောင့်လို့ ယုံကြည်ထားကြပါတယ်။

တကယ်လို့ အမျိုးသား တယောက်က လိင်ဆက်ဆံဖို့ စတင် လာချိန်မှာ ဇနီးသည်က ငြင်းပယ်မယ် ဆိုရင် သူ့အနေနဲ့ စိတ် အနှောင့်အယှက် ဖြစ်ရနိုင်ပါတယ်။ အဲဒါကြောင့် အမျိုး သမီး ဘက်က စိတ်မ၀င်စားဘူး၊ စိတ်ဆန္ဒ မရှိဘူးလို့ ယူဆ ထားလိုက်ရင် ဒီလို ခံစားရမှာ မဟုတ်တော့ လို့ပါ။ မသိစိတ် က ကိုယ့်ကိုယ်ကို လိမ်မိတာ မျိုးပါပဲ။

“ကြာလာရင် အမျိုးသမီးတွေက လိင်စိတ် ဆန္ဒ ကျဆင်းလာ လိမ့်မယ်လို့ ဆိုတဲ့ အယူအဆကို ဖယ်ထုတ်ဖို့ လိုအပ် ပါ တယ်။” လို့ Kentucky တက္ကသိုလ်က လိင်မှုဆိုင်ရာ ကျန်းမာရေး ဓာတ်ခွဲခန်းရဲ့ ဒါရိုက်တာ Kristen Mark က ပြောပါ တယ်။

အမျိုးသားတွေက အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို လျှော့တွက် ကြရတဲ့ အကြောင်းရင်း တွေ အများကြီး ရှိတယ်လို့ စိတ် ပညာရှင်တွေက ပြောကြပါတယ်။ တချို့ အမျိုးသမီးတွေက လိင်ဆက်ဆံမှု အစပိုင်းမှာ သက်တောင့် သက်သာ မရှိတာကို ခံစားကြ ရပါတယ်။ တခြားသူတွေက သူတို့ အရိပ်အယောင် ပြတာတွေကို လစ်လျူ ရှု ခံရတာ အကြိမ်ကြိမ် ဖြစ်လာ ခဲ့ရင် သူတို့ ဘက်ကနေ စတင်ဖို့ မလုပ်ကြ တော့ပါဘူး။ အများစု ကတော့ သူတို့ရဲ့ စိတ်ဆန္ဒကို အမျိုးသားတွေ နားလည်အောင် မပြသ တတ်ကြတာ ဖြစ်ပါတယ်။

အမျိုးသမီးတွေက သူတို့ရဲ့ စိတ်ဆန္ဒကို သိသာမြင်သာဖြစ်အောင် မပြနိုင်တဲ့ ပြဿနာက စုံတွဲတွေ၊ ဇနီးမောင်နှံတွေ ထင် ထားတာထက်ပိုတယ်လို့ နယူယောက်မြို့က လိင်မှုရေးရာနဲ့ အိမ်ထောင်ရေး ကုထုံးပညာရှင် တဦးဖြစ်တဲ့ Sari Cooper က ပြောပါတယ်။

ဒါဆိုရင် စုံတွဲတွေ ဇနီးမောင်နှံတွေ အနေနဲ့ ဘာလုပ်နိုင်ပါသလဲ။ နားလည်မှု တခုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အပြန်အလှန် အရိပ်အကဲ နားလည်နိုင်ဖို့ ဆွေးနွေး တိုင်ပင် မှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။ ကိုယ့်ဆန္ဒ၊ သူ့ဆန္ဒ နဲ့ အရိပ်အခြည်၊ ခံစားမှုတွေ ကို သိထားကြဖို့ လိုပါတယ်။

တကယ်လို့ လိင်ကိစ္စနဲ့ ပတ်သက်လို့ ဒါမှမဟုတ် အကဲဆတ်တဲ့ ကိစ္စတွေ ပြောဆိုကြပြီဆိုရင် သူ့ကို ရည်ရည်ညွှန်းတဲ့ “မင်း”၊ “နင်” ဆိုတဲ့ စကားလုံးတွေ အစား “ငါတို့” လို့ သုံးနှုန်း သင့်ပါတယ်။ “ဒါကငါ့အတွက်တော့ အရေးကြီးတယ်။ ဒီတော့ တို့ ၂ယောက်လုံး အတွက် အဆင်ပြေမယ့် အခြေအနေတခုကို ငါတို့ ဘယ်လို ဖန်တီးကြမလဲ” ဆိုတာမျိုး စတင် သင့်တယ် လို့ Sari Cooper က ပြောပါတယ်။

Ref: The World Street

ဧရာဝတီ by htet htet

Originally published at - http://mobile.irrawaddy.com/lifestyle/2016/06/05/115674.html

Read More »

Sunday, May 22, 2016

Selfies ရိုက်လွန်း သူများသည် မိမိရုပ်ကို ရှိရင်းစွဲထက် ပိုလှသည်ဟု ထင်နေသူများဖြစ်




မိမိပုံကို ကင်မရာဖြင့်သော် လည်းကောင်း၊ ဖုန်းနဲ့သော် လည်းကောင်း မကြာခဏ ဓာတ်ပုံ ရိုက်ကာ လူမှု ကွန်ရက်ပေါ် တင်တတ် သူများသည် မရိုက် သူများနှင့်ယှဉ်လျှင် မိမိ ကိုယ်ကို ရှိရင်း စွဲထက် ပိုလှနေ သည်ဟု ပိုတွက် ကြသူများ ဖြစ်တတ် ပါတယ်လို့ လူမှု စိတ်ပညာ လေ့လာရေး စာတမ်း တစ်ခုက အဖြေထုတ် ထားပါတယ်။

စိတ်ပညာဆိုင်ရာ သုတေသန အထောက်အထားတွေ အရ လူတွေဟာ မိမိ ကိုယ်ကို သာမန်ထက် ပိုကြည့်ကောင်း ပါတယ်လို့ စိတ်က ဘက်လိုက်ပြီး တွေးလေ့ရှိကြောင်း ဆိုထား ပါတယ်။

မိမိကိုယ်ကို ပိုပြီးတွက်တတ်တဲ့ အလေ့အထဟာ မိမိကိုယ်ကို ထိန်းချုပ်မှုအရှိဆုံးအခြေအနေတွေမှာ ပိုပြီး ဖြစ်လေ့ရှိပါသတဲ့။

လူမှုကွန်ရက်မီဒီယာပေါ်မှာ အများဆုံး ပုံတင်သူတွေဟာ မိမိလှပသည်ဆိုသည့်အချက်ကို ကြိုးစားပြီး အတည်ပြုကြတာမျိုး ဖြစ်ပါသတဲ့။

အမေရိကန်ပြည်ထောင်စု တိုရန်တိုတက္ကသိုလ်က ဒေါက်တာဒန်နီယယ် ရီ ဦးဆောင်တဲ့ စိတ်ပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ မိမိကိုယ်ကို ဓာတ်ပုံရိုက်ခြင်း Selfies နဲ့ မိမိကိုယ်ကို အသားပေးခြင်း ကိစ္စရပ်မည်သို့ ဆက်စပ်သလဲဆိုတာကို သုတေသနပြုလေ့လာကြတာဖြစ်ပါတယ်။

ဒီလေ့လာချက်မှာ ကောလိပ်ကျောင်းသား ၁၉၈ ဦးကို ပါဝင်စေပြီးတော့ ၁ဝဝ ဟာ အမြဲတမ်း Selfie ရိုက်ပြီးပုံတင်ကြတဲ့ ဖိုးတင်ချင် မယ်တင်ချင်တွေဖြစ်ပြီး ကျန် ၉၈ ဦးကတော့ ရိုက်လေ့မရှိကြသူတွေ ဖြစ်ပါတယ်။

စမ်းသပ်ခံကျောင်းသားတွေကို စမ်းသပ်ခန်းထဲက ကင်မရာနဲ့ ပုံရိုက်ပေးပြီး မိမိစမတ်ဖုန်းနဲ့လည်း စိတ်ကြိုက် ကိုယ့်ကိုကိုယ်ရိုက်စေပါတယ်။

ထိုအခှါန်ူငန ရိုက်ကူးသူတွေက သူတို့စိတ်ကြိုက်ရိုက်ထားတဲ့ ပုံတွေကို သာမန်ပုံတွေထက် လူပိုကြိုက်လိမ့်မယ်လို့ စစ်တမ်းမှာ မှတ်ချက်ပေးကြပါတယ်။

တကယ်တမ်းကြတော့ လွတ်လပ်စွာ မှတ်ချက်ပေးကြသူတွေဟာ ကင်မရာနဲ့ ရိုက်ထားတဲ့ ပုံကို ပိုကြိုက်ကြတာဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။

The Voice Weekly

Originally published at - https://www.facebook.com/thevoiceweekly

Read More »

Monday, May 16, 2016

လွန်ခဲ့သော နှစ်ပေါင်း ၁၂ သန်းခန့်က ရှင်သန်ခဲ့သည့် ခွေးတစ်ကောင်၏ ရုပ်ကြွင်း တွေ့ရှိ


A file photo of aelurodon stirtoni of Borophaginae subfamily. Photo: WIkimedia Commons


ဝါရှင်တန် ၊ ၁၆-၅-၂၀၁၆

မြောက် အမေရိက တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၂ သန်းခန့်က ရှင်သန် ကျက်စား ခဲ့သည့် ဝက်ဝံငယ် အရွယ် အစားရှိ ခွေးတစ်ကောင်၏ ရုပ်ကြွင်းကို သိပ္ပံပညာရှင် များက ရှာဖွေ တွေ့ရှိ ခဲ့ပြီးနောက် ၄င်းခွေး အမျိုး အစားကို Cynarctus မျိုးစိတ်ဟု သတ်မှတ် ခဲ့ကြောင်း သိရသည်။

Cynarctus မျိုးစိတ် ခွေးများသည် ကြီးမားသော သွားနှင့်မေးရိုးများ ရှိသောကြောင့် အရိုးကို ကျေညက်အောင် ဝါးနိုင်သော ခွေးများဟု လူအများစုက သိရှိထားသည်။ သုတေသီများ ရှာဖွေတွေ့ရှိ ခဲ့သော ၄င်းခွေး၏ ရုပ်ကြွင်းမှာ အာဖရိကနှင့် အာရှတိုက် တို့တွင် တွေ့ရသည့် ခွေးနှင့် သဏ္ဌာန် တူကြောင်း၊ ၄င်းတို့သည် အုပ်စုဖွဲ့ နေတတ်ကာ အသေကောင်ကို စားလေ့ရှိပြီး လှောင်ရယ်သံ အလား အော်မြည် တတ်သည့် တောရိုင်း တိရစ္ဆာန်ဟု ယူဆရကြောင်း အမေရိကန်ရှိ ပန်ဆယ်ဗေးနီးယား တက္ကသိုလ်မှ ကျောင်းသား တစ်ဦး ဖြစ်သည့် စတီဗင် အီဂျာဆင်စကီ က ပြောကြားသည်။

ယင်းကဲ့သို့ ရှေးကျသော ခွေးမျိုးစိတ် ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိ မှုသည် ကျောက်ဖြစ် ရုပ်ကြွင်း ပညာရှင်တို့ အတွက် မြောက်အမေရိက တိုက်အတွင်း မျိုးသုဉ်း ပျောက်ကွယ်ခဲ့သည့် ရှားပါးတိရစ္ဆာန် မျိုးစိတ်များအား လေ့လာရာတွင် အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည် ဟု သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/05/blog-post_46.html

Read More »

Thursday, February 25, 2016

ရေချိုးခြင်းနဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့ အချက် (၄) ချက်




၁ - ဆပ်ပြာအမြောက်အများ သုံးခြင်း

ဆပ်ပြာထဲမှာ ပါဝင်တဲ့ Surfactants ဆိုတဲ့ ဓာတုဗေဒ ပစ္စည်းဟာ အဆီနဲ့ ရေကို ပေါင်းစပ်ပေး သလို ခန္ဓာကိုယ်မှာ ရှိတဲ့ သဘာဝ အဆီတွေ ကိုလည်း ဖယ်ရှား ပေးပါတယ်။

ဆပ်ပြာအမြောက်အများ သုံးခြင်းကြောင့် ခန္ဓာကိုယ် အရေပြားမှာ ရှိသင့်တဲ့ သဘာဝ ဆီတွေကို ဖယ်ရှား ပစ်လိုက် ပါတယ်။

၂ - ဆပ်ပြာမပြောင်ခြင်း



ရေချိုးပြီးတဲ့ အခါမှာ လည်ပင်းနား၊ နားရွက်နား စတဲ့ နေရာနားတွေမှာ ဆပ်ပြာတွေ ကျန်တတ် ပါတယ်။ ဒါဟာ ခန္ဓာကိုယ် ယားယံ မှုတွေနဲ့ အရေပြား ခြောက်သွေ့ခြင်းကို ဖြစ်စေ ပါတယ်။

၃ - မျက်နှာဖုံး



ရေချိုးပြီးမှ မျက်နှာ ပေါင်းတင်တဲ့ Mask ကို မသုံးသင့် ပါဘူး။

၎ - တဘက်



တဘက်သုတ်တဲ့အခါ ကြမ်းကြမ်းတမ်းတမ်း မသုတ်သင့်ပါဘူး။ အသားအရေ ခြောက်သွေ့မှုကို ပိုဖြစ်စေပါတယ်။

Photos & Source: Huffington

Originally published at - http://www.duwun.com.mm/lifestyle/


Read More »

Monday, December 14, 2015

လူမှုရေးအရ အရက်သောက်တတ်သူ တွေဟာ ပိုမို ဆွဲဆောင်မှု ရှိကြ




အရက် သောက် ခြင်းကြောင့် သင်ဟာ အခြား လူတွေကို ပိုမို ဆွဲဆောင် နိုင်စွမ်း ရှိလာစေနိုင် တယ်လို့ သုတေသန တစ်ခုက ဖော်ပြ လိုက်ပါတယ်။

Houston တက္ကသိုလ်မှာ ရှိတဲ့ သုတေသီ တွေဟာ လူမှုရေး အရ အရက်သောက် တတ်ကြောင်း ၀န်ခံထားတဲ့ ကောလိပ် ကျောင်းသားတွေဟာ အရက်လုံးဝ မသောက် တတ်သူ တွေထက် ပိုမို ဆွဲဆောင်မှု ရှိတယ် ဆိုတာကို ရှာဖွေ တွေ့ရှိခဲ့ ကြပါတယ်။

ဒါပေမယ့် တစ်ခုရှိ တာကတော့ အရက်ကို အလွန် အကျွံသောက်သုံး သူတွေဟာ ဆွဲဆောင်မှု နည်းကြ ပါတယ်။ ဒီသက်ရောက် မှုဟာ လူမှု အဖွဲ့အစည်း ရဲ့ သဘောတရား အရ ဖြစ်ပေါ် လာတယ်လို့ မှတ်ယူလို့ ရနိုင်ပါတယ်။

အနောက်နိုင်ငံ အများစုမှာတော့ အရက်သောက်ခြင်းဟာ "အထာကျ" တဲ့ လုပ်ဆောင်မှု တစ်ခုဖြစ်နေလို့ပါ။

ဆေးလိပ်သောက်ခြင်းလို အလေ့အကျင့်တွေဟာ လူမှုရေး အရ လက်ခံနိုင်စွမ်း မရှိတဲ့ အချိန်မျိုးမှာ Mad Men လို တီဗွီ စီးရီးတွေ ဟာလည်း အရက် သောက်ခြင်းကို စတိုင်ကျတဲ့ လုပ်ဆောင်မှု တစ်ခုလို မြင်လာအောင် ဖန်တီးပေးနေ ပါတယ်။ ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် အရက်သောက်ခြင်းဟာ လုံးမသောက်ခြင်း ထက်တော့ ပိုပြီး ဆွဲဆောင်မှု ရှိနေပါတယ်။

ထိုသုတေသန မှာတော့ ဘွဲ့မရသေးတဲ့ ကျောင်းသား ၅၉၄ ယောက်ကို လေ့လာခဲ့တာဖြစ်ပါတယ်။ လေ့လာမှုအရတော့ ကျောင်းသားတွေကို ဆန့်ကျင်ဘက်လိင်အမျိုးစား လူပုဂ္ဂိုလ် ၂၅ ယောက်ရဲ့ ဓါတ်ပုံ ၂၅ ပုံကို ပြခဲ့ပြီး ဓါတ်ပုံတိုင်းမှာလည်း သူတို့ရဲ့ အရက်သောက်တတ်တဲ့ အမူအကျင့် အခြေအနေတွေကို ရေးသားပြထားပါတယ်။

ကျောင်းသားတွေဟာ သူတို့ကိုပြသထားတဲ့ မျက်နှာတိုင်းရဲ့ ဆွဲဆောင်မှုရှိနှုန်း ၊ အသိဥာဏ်ရှိနှုန်း ၊ သဘောကျစရာ ကောင်းနှုန်းတို့ကို ၀-၇ စကေးလ် နဲ့ တိုင်းတာဆုံးဖြတ်စေခဲ့ပါတယ်။

လူမှုရေးအရ အရက်သောက်သုံးလေ့ရှိသူတွေဟာ ၃.၆၉ မှတ်နဲ့ ဆွဲဆောင်မှု အရှိဆုံးဖြစ်ခဲ့ပြီး တစ်ခါတစ်လေမှ အရက်သောက်တတ်သူတွေကတော့ ၃.၄၂ မှတ်ရခဲ့ပါတယ်။ လုံးဝ အရက်မသောက်တတ်သူတွေကတော့ ၃.၂၇ မှတ်ရရှိခဲ့ပါတယ်။ အလွံအကျွံသောက်သုံးသူတွေကတော့ ၂.၈၆ မှတ်သာ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီလေ့လာမှုကိုတော့ Addictive Behaviors ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/12/blog-post_11.html


Read More »

Related Posts

Related Posts Plugin for WordPress, Blogger...