အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, May 11, 2016

၇၂ နှစ် အရွယ် အိန္ဒိယ အဘွားအို ကလေးမွေးဖွား




အိန္ဒိယ နိုင်ငံမှ အသက် ၇၂ နှစ် အရွယ် အဘွားအို တဦးဟာ သား ယောက်ျားလေး တဦးကို အောင်အောင် မြင်မြင် မွေးဖွား ခဲ့ပြီးနောက်မှာ ကမ္ဘာ့ အသက် အကြီးဆုံး ကလေး မွေးဖွားသူ ဖြစ်လာ ခဲ့တယ်လို့ Asia Correspondent သတင်း တပုဒ်မှာ ဖော်ပြ ပါတယ်။

ဒယ်လ်ဂျင်ဒါခေါ အမည်ရ အဲဒီ အဘွားအိုနဲ့ ခင်ပွန်း ဖြစ်သူ စိုက်ပျိုးရေး ပညာရှင် အသက် ၇၉ နှစ် အရွယ် မိုဟင်ဒါဆင်းဂီလ်နဲ့ ၁၉၇၀ ပြည့်နှစ် ကတည်းက လက်ထပ် ခဲ့ကြတာ ဖြစ်ပြီး သားသမီး မထွန်းကား ခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ် ကတော့ သူတို့ ဇနီးမောင်နှံဟာ မမျိုးဥနဲ့ သုတ်ပိုးတွေ အသုံးပြုပြီး ဖန်ပြွန် သန္ဓေ တည်စေမယ့် နည်းလမ်းနဲ့ ကြိုးစားဖို့ ဆုံးဖြတ်ပြီး လုပ်ခဲ့ ကြတာပါ။

ဧပြီလ ၁၉ ရက်နေ့ မှာတော့ သားယောက်ျားလေး တဦးကို အောင်အောင် မြင်မြင် မွေးဖွားနိုင် ခဲ့ပါတယ်။

ဒယ်လ်ဂျင်ဒါခေါက “ကျမကို တခြား သူတွေက ကလေး တယောက် မွေးစား လိုက်ဖို့ ပြောကြ ပါတယ်။ ဒါပေမယ့် ကျမ ဘယ်တုန်းကမှ မလုပ်ချင် ခဲ့ပါဘူး။ ဘုရားသခင် ဆီမှာ ဆုတောင်းတယ်။ ကျမ ကလေး တယောက် ရလာနိုင် လိမ့်မယ်လို့ ယုံကြည် ခဲ့ပါတယ်” လို့ ပြောပါတယ်။

Times of India သတင်းစာရဲ့ အဆိုအရ ကလေးငယ်ဟာ မွေးကင်းစမှာ ကိုယ်အလေးချိန် ၂ ကီလို ဂရမ်ရှိပြီး မိဘတွေ ကတော့ ကလေးရဲ့ အနာဂတ်အတွက် စိတ်ပူ စိုးရိမ်နေ ကြတယ်လို့ ဖော်ပြ ပါတယ်။

ကလေးငယ်ကို အာမန်လို့ အမည်ပေး ထားပြီး ဒယ်လ်ဂျင်ဒါခေါက ကလေး မရရှိသေးတဲ့ စုံတွဲတွေကို အထူးကု ဆရာဝန်တွေနဲ့ ဆေးပညာ ရှင်တွေရဲ့ ညွှန်ကြားချက်နဲ့ ရင်သွေး ရရှိလာဖို့ မျှော်လင့် ထားနိုင်တယ်လို့ အကြံပြု လိုက်တာပါ။

TheStar.com သတင်းရဲ့ အဆိုအရ လက်ရှိ ကမ္ဘာ့အသက် အကြီးဆုံး ကလေးမွေးဖွားသူအဖြစ် မှတ်တမ်းတင် ထားတဲ့ အမျိုးသမီးကတော့ ၂၀၀၆ ခုနှစ်က ဘာစီလိုနာမြို့မှာ အမြွှာကလေး ၂ ဦး မွေးဖွားခဲ့တဲ့ မာရီယာဒယ်လ် ကာမန် ဘိုဆာဒါဒီလာရာ အမည်ရ အမျိုးသမီး ဖြစ်ပါတယ်။

သူ့ရဲ့အသက် ၆၆ နှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူဟာ ၂၀၀၉ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ။

အဲဒီနောက်မှာတော့ ရာဂျိုဒေ၀ီ အမည်ရတဲ့ အမျိုးသမီးတဦးဟာ အသက် ၇၀ အရွယ်မှာ သမီးမိန်းကလေးတဦးကို ဒယ်လ်ဂျင်ဒါခေါလိုပဲ ဖန်ပြွန်သန္ဓေတည်နည်းလမ်းနဲ့ မွေးဖွားခဲ့ပါသေးတယ်။

ခုချိန်မှာတော့ ဒယ်လ်ဂျင်ဒါခေါဟာ အသက် ၇၂ နှစ်မှာ မွေးဖွားခဲ့တာဖြစ်လို့ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် ကမ္ဘာ့အသက်အကြီးဆုံး ကလေးမွေးဖွားသူ အမျိုးသမီး ဖြစ်လာတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/149405

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...