
ဝါရှင်တန် ၊ ၁၅-၆-၂၀၁၆
အာကာသ ဆိုင်ရာ သိပံ္ပပညာရှင် များသည် ကြယ်နှစ်လုံးကို တစ်ပြိုင်တည်း လှည့်ပတ် နေသော အကြီးဆုံး ဂြိုဟ်တစ်လုံး အား US Kepler အာကာသကြည့် မှန်ပြောင်း အသုံးပြု၍ ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း ဇွန် ၁၄ ရက် ထုတ်ပြန်ချက် များအရ သိရသည်။

Kepler-1647b ဟု အမည်ပေး ထားသော အဆိုပါ ဂြိုဟ်ကြီးသည် ကမ္ဘာမှ အလင်းနှစ် ၃၇ဝဝ ကွာဝေးပြီး ၄ ဒသမ ၄ ဘီလီယံခန့် သက်တမ်း ရှိကြောင်း၊ အကြမ်းဖျင်း အားဖြင့် ကမ္ဘာ၏ သက်တမ်းနှင့် တူညီလုနီးပါး ရှိကြောင်း အမေရိကန် အာကာသ အေဂျင်စီ ဖြစ်သည့် NASA အဖွဲ့၏ Goddard Space Flight စင်တာနှင့် ဆန်တီယေဂို တက္ကသိုလ်တို့မှ သုတေသီများ ဦးဆောင်သည့် လေ့လာ စူးစမ်းရေး အဖွဲ့က ပြောကြား ထားသည်။
အဆိုပါဂြိုဟ်၏ အလေးချိန်နှင့် အချင်းဝက် သည် ဂျူပီတာဂြိုဟ် နီးပါးရှိပြီး တွေ့ရှိခဲ့ဖူးသည့် ဂြိုဟ်များအနက် အကြီးမားဆုံး ဂြိုဟ်တစ်လုံး ဖြစ်ကြောင်း၊ ၄င်း လှည့်ပတ် နေသည့် ကြယ်နှစ်လုံး သည် နေနှင့် အလားသဏ္ဌာန် တူညီပြီး တစ်လုံးမှာ သာမန် ကြယ်ထက် အနည်းငယ် ပိုမိုကြီးကာ အခြားတစ်လုံး မှာမူ မဆိုစလောက် သေးငယ်ကြောင်း ဆင်ဟွာ သတင်းဌာနက ထုတ်ပြန် ထားသည်။
ကြယ်နှစ်လုံးကို တစ်ပြိုင်တည်း လှည့်ပတ်သည့် ဂြိုဟ်ကို ရှာဖွေမှုသည် တစ်လုံးတည်းသော ကြယ်ကို လှည့်ပတ်နေသော ဂြိုဟ်များကို ရှာဖွေရခြင်း ထက် ပိုမို ခက်ခဲကြောင်း၊ ၄င်း ဂြိုဟ်သစ်ကို ၂ဝ၁၁ ခုနှစ်က စတင် သတိပြုမိ ခဲ့ခြင်း ဖြစ်သော်လည်း သုတေသီများ အနေဖြင့် အတည်ပြု နိုင်ရန် အချိန်ယူ ခဲ့ရကြောင်း ယင်းအဖွဲ့မှ သုတေသီ တစ်ဦးက ပြောကြား ထားသည်။
အဆိုပါဂြိုဟ် သည် ကြယ်နှစ်လုံးကို လှည့်ပတ်ရန် ရက်ပေါင်း ၁၁ဝ၇ ရက် (သုံးနှစ်ကျော်) အချိန်ယူ ရကြောင်းနှင့် တွေ့ရှိခဲ့သည့် သီးခြားဂြိုဟ် များအနက် ကာလ အရှည်ဆုံး လှည့်ပတ်ခြင်း ဖြစ်ကြောင်း သိရသည်။
by ပြည်ချစ်သား
Originally published at - http://www.pyichitthar.com/2016/06/blog-post_31.html

No comments: