
လော့ခ်ဟိ မာတင် ကုမ္ပဏီထုတ် F-35 ဂျက် တိုက် လေယာဉ်ဟာ ဒီနှစ် ဖန်းဘရိုး လေယာဉ် ပြပွဲမှာ လူ စိတ်အ၀င် စားဆုံး ဖြစ်ခဲ့ ပါတယ်။ ဒါကလည်း တည်ဆောက်ဖူး သမျှ ဂျက်လေယာဉ် တွေထဲမှာ ခေတ်အမှီ ဆုံးမို့ ဖြစ်နိုင် ပါတယ်။
ဈေးအကြီးဆုံး ဖြစ်သလို တစင်းကို ဒေါ်လာ သန်း ၁၀၀ ကျသင့် ပါတယ်။ အဲဒီ ယာဉ်မှာ တန်ဖိုး အကြီးဆုံး အစိတ်အပိုင်း ကတော့ F135 ဂျက်အင်ဂျင်ပဲ ဖြစ်ပါတယ်။
“F-35 ဟာ ယနေ့ ကမ္ဘာမှာ စွမ်းအား အကြီးဆုံးနဲ့ အဆင့် အမြင့်ဆုံး ဂျက်တိုက် လေယာဉ်ပါ။ ဒီလေယာဉ်ကို F135 အင်ဂျင်နဲ့ တွန်းကန် ပျံသန်း တာပါ။ ဒီအင်ဂျင်က ကမ္ဘာ့ စွမ်းအား အကြီးဆုံး ပဉ္စမ မျိုးဆက် အင်ဂျင် ဖြစ်ပါတယ်။”
F-35 ဂျက်လေယာဉ်ကို ၃ စား ထုတ်လုပ် ပါတယ်။ ဒီက F-35B ကိုတော့ မတ်မတ် တက်နိုင်၊ ဆင်းသက်နိုင်တဲ့ STVOL ယာဉ်လို့ သိကြ ပါတယ်။ ဒီလေယာဉ်ဟာ သမားရိုးကျ ဂျက်တွေထက် ပြေလမ်း တိုတိုသာ လိုပြီး ရဟတ်ယာဉ်လို မြေပေါ် မတ်မတ် ဆင်းသက်နိုင် ပါတယ်။ ဒီလို ဆင်းသက်နိုင်အောင် F135 အင်ဂျင်က ပံ့ပိုး ပေးတာ ဖြစ်ပါတယ်။
“ဒီလေယာဉ်မှာ အသံထက်မြန်တဲ့ တွန်းအားပေးနိုင်တဲ့ အင်ဂျင်ပါသလို ကိုယ်ဖျောက်စွမ်းရည်တွေလည်း ပါတယ်။ ပြီးတော့ အလိုက်ပြောင်းပြီး မတ်မတ် တက်တာ၊ ပြေးလမ်း တိုတိုနဲ့ လေပေါ် တက်နိုင်တာ စတဲ့ စွမ်းရည်တွေလည်း ပိုင်ဆိုင် ထားပါတယ်။”
ဒီအင်ဂျင်ရဲ့ တွန်းကန်အားက ပေါင် ၄ သောင်းရှိပြီး အသံထက်မြန်နှုန်း ၁ ဒသမ ၆ (တနာရီ ၅၄၄ မိုင်နှုန်း) အလျင်ရှိပါတယ်။ ဒီအင်ဂျင်ထုတ်လုပ်တဲ့ ဖရက်ထ်အန်ဝစ်တနီ ကုမ္ပဏီဟာ ဒီနည်းပညာကို တိုးချဲ့တီထွင်ဖို့ ရန်ပုံငွေ ၁ ဒသမ ၅ ဘီလီယံကို မကြာသေးခင်က ရရှိခဲ့ပါတယ်။
“အခုဆိုရင် ဒီအင်ဂျင်ရဲ့ နောက်ထပ်စွမ်းရည်တွေ တိုးမြှင့်ဖို့နဲ့ F135 ကို မျိုးဆက်တဆက်စာ ရှေ့ပြေးနေစေမယ့် နည်းပညာသစ်ကို သရုပ်ပြဖို့ ကျနော်တို့က ပင်တဂွန်က တဆင့် အမေရိကန်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပါပြီ။”
နိုင်ငံများစွာက အော်ဒါတွေ လှမ်းမှာ နေပြီမို့ လော့ခ်ဟိ ကုမ္ပဏီက လာမယ့် ဆယ်စုနှစ်တွေ အတွင်း F-35 ဂျက်လေယာဉ် အစင်း ၃၀၀၀ ရောင်းရ မယ်လို့ မျှော်လင့် ထားပါတယ်။
ဒီအတောအတွင်း F-35 ဟာ ဇူလိုင် ၁၇ ရက်နေ့ထိပြမယ့် ဖန်းဘရိုး လေကြောင်းပြပွဲမှာ ဆူဆူညံညံနဲ့ ပျံသန်းနေဦးမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/160731

No comments: