ပက်ဒရို လူကာဟာ အာဂျင်တီးနား နိုင်ငံ မြောက်ပိုင်းက ဂူတဂူ ထဲမှာ နေထိုင်တာ နှစ်ပေါင်း ၄၀ ကြာခဲ့ ပါပြီ။
အဲဒီဂူဟာ မြောက်ပိုင်း တူကူမန် ခရိုင်ထဲမှာ တည်ရှိပြီး အသက် ၇၉ နှစ် အရွယ် အဖိုးအိုဟာ သောက်သုံးရေနဲ့ လျှပ်စစ်မီး စတဲ့ အရာတွေ မရှိဘဲ အသက်ရှင် နေထိုင်နိုင် ခဲ့တာပါ။
ဂူအနီးက ချောင်းတို ကလေးဟာ သူ့အတွက် အဓိက ရေ ရရှိတဲ့ အရင်းအမြစ် တခု ဖြစ်ပါတယ်။
တကယ်လို့များ သူဆာလောင် လာခဲ့ရင်တော့ ရိုင်ဖယ် သေနတ် တလက်ကို ဆွဲပြီး အနီးဆုံး ဆန်ပီဒရိုဒီ ကိုလာလာရို တောထဲကို အမဲလိုက် ထွက်တော့ တာပါပဲ။
“အသန့်စင်ဆုံး ရေက အဲဒီမှာ ရှိနေတာပါ” လို့ သူက ပြောပါတယ်။
တွင်းထဲမှာ သူ ဘယ်သူတွေ နဲ့များ ရှိနေမှာ ပါလိမ့်။ သူ့မှာ ကြက် ၁၁ ကောင်နဲ့ ဆိတ် ၂ ကောင်ရှိပြီး တောင်စောင်း အနီး ရောက်တတ်ရာရာ လှည့်လည် ကျက်စား
နေကြကာ အိပ်တန်း တက်ချိန် ရောက်မှ ကျားသစ်တွေနဲ့ တခြား တွားသွား သတ္တ၀ါတွေရဲ့ ရန်က လွတ်ဖို့ အမိုးအကာ အောက်ကို ပြန်ရောက် လာကြတာပါ။
မနက်ခင်း ၃ နာရီလောက် ဆိုရင်တော့ ကြက်တွေရဲ့ တွန်သံကြောင့် သူ နိုးထ လာကာ မနက်ခင်း တနေ့တာကို မီးမွှေးခြင်းနဲ့ စတင် ရပါတော့တယ်။
“မီးဟာ တကယ့်ကို မှော်ဆန် တာပါပဲ” လို့ မီးခိုးလုံးတွေ ပြည့်နေတဲ့ ဂူထဲက အဖိုးအို လူကာက ပြောပါတယ်။
ခုချိန်မှာတော့ လူကာဟာ ဆန်ပီဒရိုဒီ ဆန်လာလာရိုမှာ ဒဏ္ဍာရီ တခုလို ဖြစ်နေ ခဲ့ပြီး အနီးနား မြို့တွေမှာ နေထိုင် သူတွေဟာလည်း သူ့ကို မကြာခဏ အစားအစာနဲ့ တခြား လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့လေ့ ရှိတယ်လို့ ဒေးလီးမေးလ် သတင်းတပုဒ်မှာ ဖော်ပြ ပါတယ်။
လူကာဟာ အစိုးရ သက်ကြီး ထောက်ပံ့ရေး ပင်စင် လစာမှ အမေရိကန် ဒေါ်လာ ၁၀၀ နဲ့ ၂၀၀ ကြား ရရှိပြီး မြို့ရဲ့ စာတိုက် ကနေ တဆင့် ပုံမှန် ထုတ်ယူကာ လိုအပ်တဲ့ ဖယောင်းတိုင်၊ ဂျုံနဲ့ ပြောင်း စတဲ့ အရာတွေ ၀ယ်ယူလေ့ ရှိပါတယ်။
သူ့ရဲ့ တခုတည်းသော နည်းပညာသုံး ပစ္စည်းကတော့ ပါဝါ ဘက်ထရီ အသုံးပြုရတဲ့ ရေဒီယို အသေး တလုံးသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် တောတွင်းတောင်ကုန်းပေါ်မှာ နေထိုင်တဲ့ သူ့အဖို့ သတင်းတွေကို ဖမ်းယူနိုင်မှု အားနည်းပြီး ရှားပါးလှတဲ့ တခါတရံ မှသာ ဖမ်းယူ နားဆင်နိုင် တယ်လို့ ပြောပါတယ်။
လူကာဟာ တနေ့ကို ၃ နာရီလောက် လမ်းလျှောက်ပြီး သူနေထိုင်ရာ ဂူထဲကို ပြန်ရောက်ဖို့ တောင်စောင်းကနေတဆင့် တက်ရ ပါသေးတယ်။
အသက်အရွယ် ကြီးရင့် လာပြီဖြစ်လို့ သွားတွေ အနည်းငယ်သာ ရှိတော့တဲ့ လူကာရဲ့ အသားအရေဟာ ရာသီဥတု ရိုက်ခတ်မှု ဒဏ် ခံနေရပေမယ့် သူ့ကိုကြည့်ရတာ ရှိရင်းစွဲ အသက်ထက် ပိုငယ်တဲ့ပုံ ပေါ်နေပါတယ်။
လူကာက သူဟာ တောထဲမှာပဲ အရိုင်း ဆန်ဆန် ကောင်လေး တယောက်လိုပဲ နေထိုင် သွားချင် တယ်လို့ ပြောပါတယ်။
ခုလို တောတွင်းမှာ နေထိုင်ဖို့ စိတ်ကူးဟာ အသက် ၁၄ နှစ် အရွယ်မှာ အဖိုးဖြစ်သူနဲ့ နိုင်ငံမြောက်ပိုင်းကို ပထမဆုံး အကြိမ် ခရီးထွက် ခဲ့ဖူးတာ ကနေ စတင် ခဲ့တာဖြစ် တယ်လို့ ဆိုပါတယ်။
“ကျနော် ကိုယ့်ကိုယ်ကိုယ် ဒီနေရာကို ဘာကြောင့် နေထိုင်ဖို့ ရွေးခဲ့တာလဲ ဆိုတာကို ဘယ်တုန်းကမှ မမေး ခဲ့ပါဘူး။ ဒီအနီးနားမှာ တခြားဂူတွေ ရှိပေမယ့် ခုနေတဲ့ ဂူကိုပဲ ပိုသဘော ကျတယ်။
တခါတလေတော့ စဉ်းစားမိတယ်၊ ဥရောပလို ကမ္ဘာ့နိုင်ငံတွေဆီ အလည်ထွက်ချင်သေးတယ်လို့။ ဒါပေမယ့် အဲဒီကိုရောက်ဖို့ ပင်လယ်တွေအများကြီး အလယ်မှာ ရှိနေတဲ့ ဒီနေရာကနေ သွားဖို့ဆိုတာ ပင်လယ်ကို ဖြတ်နိုင်ဖို့ အချိန်လည်း ရှိဦးမှပါပဲ” လို့ သူက ပြောပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/161778
No comments: