အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 25, 2016

ကလေးများ Screen ကြည့်ရှုမှုနှင့် ပတ်သက်၍ အမေရိကန် ပညာရှင်များ ပြောင်းလဲ အကြံပြု




အမေရိကန် ပညာရှင် များက ကလေး ငယ်များ Screen ကြည့်ရှုမှုနှင့် ပတ်သက်၍ အကြံပြုချက် များကို ပြင်ဆင် သတ်မှတ် ပေးခဲ့ကြောင်း သိရသည်။

ယခင်က အသက် ၂ နှစ်အောက် ကလေး အားလုံးကို မိုဘိုင်းဖုန်း၊ TVနှင့် Tablet များမှ Screen များ ကြည့်ရှုခွင့် မပေး သင့်ကြောင်း အမေရိကန် ကလေး ဆရာဝန်များ အသင်း (AAP)က အကြံပြု ထားသည်။

သို့သော် ထုတ်ပြန်ချက် အသစ်တွင်မူ အသက် ၁၈ လအထက် ကလေးများ အနေဖြင့် မိသားစု ဝင်များကို Video Chat ပြုလုပ်ခြင်း ကဲ့သို့ ကိစ္စများတွင် ပါဝင်စေ သင့်ကြောင်း ဖော်ပြ ထားသည်။

ထို့အပြင် အသက် ၁၈ လမှ အသက် ၅ နှစ်ထိ ကလေးများသည် ၎င်းတို့ အတွက် အသိဉာဏ် တိုးတက်မှု ရှိစေမည့် အရည်အသွေးမြင့် အစီအစဉ်များကို မိဘများနှင့် အတူ TVမှတဆင့် ကြည့်ရှုခြင်းမျိုး ဖြစ်သင့်ကြောင်းလည်း ဆရာဝန်များက ထောက်ခံ ခဲ့သည်။

သို့သော် ကလေးများ၏ ကာယပိုင်း ဖွံ့ဖြိုးမှု လေ့ကျင့်ခန်းများ၊ တိုက်ရိုက် ကျကျ ပြောဆို ဆက်ဆံမှုများကို ဦးစားပေး အဆင့် တိုးမြှင့်ပေးရန် လိုအပ်နေဆဲ ဟုလည်း ဆရာဝန်များက သတိပေးခဲ့သည်။

တစ်နည်းအားဖြင့် Screen များကို ကြည့်ရှုမှုသည် ကလေးများ၏ ဖွံ့ဖြိုးမှုတွင် ဒုတိယ ဦးစားပေး အရန်အစီအစဉ်သာ ဖြစ်သင့်သည်ဟု ဆိုသည်။

“မီဒီယာတွေကို ကလေးတွေ ဘယ်လို အသုံးပြုမလဲ ဆိုတာကို မိသားစုတွေ အနေနဲ့ အလေးအနက် ချိန်ဆ စဉ်းစားဖို့ လိုပါတယ်။ ဒီအကြောင်း ကလေးတွေ ကိုလည်း သေချာ အသိပေး ရှင်းပြနိုင်ရမယ်။

Screenတွေကို စွဲစွဲမြဲမြဲ ကြည့်ရှုနေတာဟာ ကလေးတွေ အနေနဲ့ ကစားချိန်၊ လေ့လာသင်ယူချိန်၊ စကားပြောချိန်၊ ပြီးတော့ အိပ်ချိန်တွေမှာ မလုံလောက် တာမျိုး မဖြစ်ဖို့ အရေးကြီးတယ်”ဟု AAP၏ အစီရင်ခံစာ၌ ရေးသား ထားသည်။

ထို့အပြင် မိဘများသည် ကလေးများ၏ မီဒီယာ အသုံးပြုမှုကို ကိုင်တွယ်ကြပ်မတ် စောင့်ကြည့်သူများ အနေဖြင့် တာဝန်ယူရန် အလွန် အရေးကြီးကြောင်းလည်း ဆိုသည်။

“မီဒီယာကို သင်ထောက်ကူ ကိရိယာ တစ်ခုအနေနဲ့ အသုံးချတာမျိုး ဖြစ်သင့်တယ်။ ကလေးတွေ အနေနဲ့ ဘယ်လို ဖန်တီးမယ်၊ ဘယ်လို ဆက်သွယ်မယ်၊ ဘယ်လို သင်ယူမယ် ဆိုတာကို သိစေဖို့ပေါ့”ဟုလည်း AAP၏ အကြံပြု ဖော်ပြချက်တွင် ပါရှိသည်။

မိဘများသည် ၂ နှစ်မှ ၅ နှစ်အရွယ် ကလေးများကို တစ်နေ့လျှင် တစ်နာရီထက် Screenများ ပိုမကြည့်ဖြစ်အောင် ကန့်သတ် ထိန်းသိမ်း ထားသင့်ကြောင်းလည်း AAPမှ ဆရာဝန်များက ဆိုသည်။

ထို့အပြင် နေအိမ်အတွင်း၌ ကလေးများနှင့် Screenများကြား ထိတွေ့သက်ဆိုင်မှု လုံးဝမရှိနိုင်မည့် မီဒီယာကင်းလွတ် ဧရိယာများ ဖန်တီးထားရန်လည်း အကြံပြုထားကြောင်း သိရှိရသည်။

Ref: BBC

From : 7 day daily

Originally published at - http://www.7daydaily.com/story/79131

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...