
ထိုင်းနိုင်ငံ အလယ်ပိုင်းက လွတ်ဘူရီ (Lopburi) ခရိုင်မှာ နှစ်စဉ် ကျင်းပနေကျ ဒေသခံ မျောက်တွေ အတွက် အလှူပွဲကို နိုဝင်ဘာ ၂၇ ရက်နေ့က ကျင်းပ ခဲ့ပါတယ်။
လွတ်ဘူရီ ခရိုင်ဟာ မျောက်တွေ များပြားလွန်းတဲ့ အတွက် မျောက်ပြည်နယ် လို့လည်း ခေါ်ဆို ကြပြီး လာရောက် လည်ပတ် ကြည့်ရှုသူတွေ နဲ့လည်း စည်ကားတာပါ။
မျောက်တွေကြောင့် ဒီပြည်နယ်ကို ကမ္ဘာ့ခရီးသည်အများအပြား လာရောက်ကြတယ်။ ဒေသခံတွေအတွက် အကျိုးစီးပွားဖြစ်စေတယ်ဆိုပြီး မျောက်တွေကို အလှူကြီးပေးတာပါ။
လတ်ဗီယားနိုင်ငံက လာရောက်လည်ပတ်တဲ့ အသက် ၃၁ နှစ်အရွယ် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးကတော့ သူ့ကို မနေ့က မျောက်တကောင် ကိုက်ခဲ့တဲ့အတွက် မျောက်တွေကို နည်းနည်းသတိထားတာ ကောင်းတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လက ထိုင်းဘုရင်ကြီး နတ်ရွာစံသွားတဲ့အတွက် ဝမ်းနည်းခြင်းကာလ တနှစ် ကြေညာထားလို့ ဒီမျောက်အလှူပွဲကို စည်စည်ကားကား မကျင်းပဖြစ်ဘူးလို့ စီစဉ်သူတွေက ပြောပါတယ်။
ဒီမျောက်အလှူပွဲကို ကျင်းပလာတာလည်း ၂၇ နှစ်ရှိပြီဖြစ်လို့ ဒီနှစ်လည်း သင့်တင့်သလိုပဲ ကျင်းပဖြစ်တယ်။ အခုနှစ်က မနှစ်ကနဲ့စာရင် မျောက်ပိုများတာ တွေ့ရတယ်။ ဒါကြောင့် သစ်သီးတွေကို ကုန်ကား ၃ စီးစာ အလှူအတန်းလုပ်ခဲ့တယ်လို့ အလှူပွဲကို စီစဉ်သူတဦးက ပြောပါတယ်။
လွတ်ဘူရီမြို့ပတ်ဝန်းကျင်မှာတော့ မျောက်အကောင်ရေ ၃၀၀၀ လောက်ရှိပြီး ပြည်နယ်အတွင်း တခြားမြို့တွေမှာလည်း မျောက်အကောင်ရေ ၇၀၀၀ လောက်ရှိဦးမယ်လို့ အလှူပွဲကို စီစဉ်သူတွေက ပြောပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/177744

No comments: