အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, April 1, 2017

ကမ္ဘာ့ အကျယ်ပြန့်ဆုံး မြေကွက် ၀ယ်ယူမှု ဖြစ်ခဲ့တဲ့ အလက်စကာ ဒေသ အကြောင်း



အမေရိကန် နိုင်ငံရဲ့ ၁၇ ယောက်မြောက် သမ္မတ ဖြစ်တဲ့ အန်ဒရူး ဂျွန်ဆင်က အလက်စကာ ဒေသကို ၀ယ်ယူ ခဲ့စဉ်တုန်းက လူအများက သူကို လှောင်ပြောင် ခဲ့ကြပေမဲ့ ယခု အချိန်မှာတော့ ထိုဝယ်ယူ မှုဟာ နိုင်ငံ အတွက် သမိုင်းဝင်တဲ့ လုပ်ဆောင်မှု တစ်ရပ် အဖြစ်ပါ တည်ရှိ ခဲ့တာ ဖြစ်ပါတယ်။

အလက်စကာ ဒေသကို ၁၈၆၇ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ရုရှားနိုင်ငံမှ အမေရိကန် ဒေါ်လာ ၇.၂ သန်း (မြန်မာငွေ သိန်း ကိုးသောင်း ၈ ထောင်ခန့်) မျှဖြင့် ၀ယ်ယူ ခဲ့တာ ဖြစ်ပြီး ၀ယ်ယူမှုကို ဦးစီးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ၀ီလီယံ အိတ် ဆီဝတ်ရဲ့ ကြိုးပမ်းမှု ကြောင့်လည်း ဖြစ်ပါတယ်။

အလက်စကာ ဒေသကို ၀ယ်ယူခဲ့တဲ့ နှစ်နိုင်ငံ သဘောတူ စာချုပ်ကြောင့် အမေရိကန်နိုင်ငံဟာ စတုရန်း မိုင်ပေါင်း ၅၈၆၀၀၀ မျှ ပိုမိုကျယ်ဝန်း ခဲ့ရတာဖြစ်ပြီး ဒီဧရိယာဟာ တက်ဆက်စ် ပြည်နယ်ရဲ့ ၂ ဆမျှ ရှိတာလည်း ဖြစ်ပါတယ်။ (ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ၄၀ မြောက် ဧရိယာ ကျယ်ပြန့်တဲ့ နိုင်ငံဖြစ်ပြီး စတုရန်း မိုင် ၂၆၁၂၂၈ မိုင် ရှိပါတယ်)

President_Andrew_Johnson


အလက်စကာ ဒေသကို အမေရိကန် နိုင်ငံက ၁ ဧက ကို ၂ ဆင့်ခန့်မျှနဲ့ ၀ယ်ယူနိုင် ခဲ့တာ ဖြစ်ပြီး (100 ဆင့် = ၁ ဒေါ်လာ) ဒီကနေ့ ခေတ် အမေရိကန် နိုင်ငံ အတွက် အလွန် တရာ အကျိုး အမြတ် ရှိစေမဲ့ အလက်စကာ မြေ၀ယ်ယူ မှုကြီးကို ထိုစဉ်က နိုင်ငံရေး သမားများနဲ့ သတင်းစာ များက လှောင်ပြောင် ခဲ့ကြပြီး သမ္မတ ဂျွန်ဆင် လုပ်သမျှကို ကန့်လန့် တိုက်ခဲ့ပြီး အလက်စကာ မြေ၀ယ်ယူမှု ကြီးကို ” ဆီဝတ်ရဲ့ မိုက်မဲမှု ” “Seward’s Folly” လို့တောင် နာမည်ပေး ခဲ့ကြပါတယ်။

ဝယ်ယူမှု ဦးဆောင်ခဲ့သူ နိုင်ငံခြားရေး ၀န်ကြီး william-seward


အလက်စကာ ပြည်နယ်ဟာ အမေရိက ရဲ့ တခြားသော ပြည်နယ် များထက် ဦးစွာ လူများ ၀င်ရောက် နေထိုင် ခဲ့ကြတာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၁၅၀၀၀ ခန့် ကတည်းက အာရှတိုက်ကို ဖြတ်၍ အလက်စကာ ဒေသမှာ လူများ နေထိုင် ခဲ့ကြောင်း အထောက် အထားများ တွေ့ရှိခဲ့ရပြီး နောက်ပိုင်း ခေတ်မှာတော့ ၁၇၄၁ ခုနှစ် အထိ လူသူ အရောက် အပေါက် မရှိခဲ့သလို အလက်စကာ ဒေသကို ရှိမှန်းလည်း မသိခဲ့ ကြပါဘူး။

သို့ပေမဲ့ ၁၇၄၁ ခုနှစ်မှာ ရုရှား စူးစမ်း လေ့လာသူ တစ်ဦးဖြစ်တဲ့ Vitus Bering က အလက်စကာ ဒေသကို ပထမဆုံး ရောက်ခဲ့သူဖြစ်ပြီး ရုရှား ဇာဘုရင်များရဲ့ ပိုက်နက် ဖြစ်တယ်ဆိုပြီး နယ်မြေ သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။

အလက်စကာ ပြည်နယ် ၀ယ်ယူခြင်း စာချုပ် ချုပ်ဆိုနေစဉ်


သို့ပေမဲ့ ၁၇၈၄ ခုနှစ် အထိ အလက်စကာ ဒေသမှာ ရုရှား လူမျိုး ရာဂဏန်း မျှသာ နေထိုင် ကြပြီး အမေရိကန် အခြေချသူ များသာ များနေတဲ့ အတွက် ရုရှား အာဏာပိုင် များက အလက်စကာ ဒေသကို အမေရိကန်တွေ သိမ်းယူ သွားမှာကို စိုးရိမ်လာ ကြပါတယ်။

ဒီလိုနဲ့ နောက်ပိုင်း ကာလ များမှာ ဇာဘုရင်ရဲ့ အစ်ကို ဖြစ်သူကတောင် အလက်စကာ ဒေသဟာ မလိုအပ်ဘူးလို့ ယူဆခဲ့တဲ့ အတွက် ၁၈၅၀ ခုနှစ်မှာ အမေရိကန်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ အလက်စကာ ပြည်နယ် ရောင်းဝယ်ရေး အတွက် ဈေးညှိနှိုင်းရေးများ စတင် လုပ်ဆောင် ခဲ့ပါတယ်။

ဒေါ်လာ ၇.၂ သန်းတန် ချက်လက်မှတ်


အလက်စကာ ဒေသဟာ သမ္မတ အေဗရာဟမ် လင်ကွန်း လက်ထက်မှာ ကတည်းက ဈေးစကား စပြော ခဲ့ကြတာ ဖြစ်ပေမဲ့ နောက်ပိုင်း အမေရိကန် ပြည်တွင်းစစ် ဖြစ်ပွားလာတဲ့ အတွက် ဆွေးနွေး မှုတွေ ခေတ္တ ဆိုင်းငံ့ သွားခဲ့ ပါတယ်။

သို့ပေမဲ့ ပြည်တွင်းစစ် ပြီးလို့ သမ္မတ လင်ကွန်း ကွယ်လွန် အပြီးမှာ သမ္မတ ဂျွန်ဆင် တက်လာခဲ့ပြီး နိုင်ငံခြားရေး ၀န်ကြီး ဆီဝတ်က အလက်စကာ ပြည်နယ် ရောင်းဝယ်ရေးကို ဦးဆောင် ခဲ့တာဖြစ်ပြီး ၁၈၆၇ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ရွှေသား အမေရိကန် ဒေါ်လာ ၇.၂ သန်းနဲ့ အလက်စကာ ဒေသကို ၀ယ်ယူ ခဲ့တာ ဖြစ်ပါတယ်။

ယနေ့ အလက်စကာ


ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့ဟာ အမေရိကန်နိုင်ငံအနေနဲ့ အလက်စကာဒေသကို ရုရှားနိုင်ငံမှ ၀ယ်ယူခဲ့တာ နှစ်ပေါင်း ၁၅၀ ပြည့်ခဲ့ပြီး ယနေ့အချိန်မှာတော့ အလက်စကာဒေသမှာရှိတဲ့ မြို့တွေ၊လမ်းတွေ၊ကျွန်းတွေ အားလုံးကို အလက်စကာမြေ၀ယ်ယူမှု ဦးဆောင်ခဲ့သူ ဆီးဝတ်ကို ဂုဏ်ပြုပြီးမှည့်ခေါ်ထားကြပါတယ်။

Ref : History

From : SHWEMOM by arkarhein

Originally published at - http://www.shwemom.com

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...