အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 4, 2015

အိပ်မက် ဂဏန်းဖြင့် ဘတ် သန်း ၃၀ ဖိုး ထီပေါက် သွားသည့် ထိုင်း ကျောင်းဆရာ




အောက်တိုဘာ ၁ ရက်နေ့က ဖွင့်လိုက်တဲ့ ထိုင်း အစိုးရ အောင်ဘာလေ ထီဆုထဲမှာ ထိုင်း - မြန်မာနယ်စပ် ကန်ချနဘူရီ ခရိုင်မှ နယ်စပ် ကျောင်းဆရာ တဦး ဘတ်သန်း ၃၀ ဖိုး ပေါက်သွား တယ်လို့ ထိုင်းရတ် သတင်းမှာ ဖော်ပြ ပါတယ်။

ကံထူးရှင်မှာ စံခရဘူရီ မြို့နယ် နောင်လူ ကျေးရွာအုပ်စု ဘန့်ဟွေ့ မားလိုင်း ရွာမှ နယ်ခြားစောင့်တပ် ကျောင်းဆရာ ရဲတပ်ကြပ် ဆကွန်း ၀မ်းဆီ ဖြစ်ပြီး သူ့မှာ မျက်စိ အစုံကွယ်ပြီး နာမကျန်း ဖြစ်နေတဲ့ ဖခင်နဲ့ ကျောင်းနေရွယ် သမီး တဦး ရှိတယ်လို့ ဆိုပါတယ်။

ငွေကြေး အကျပ် အတည်းနဲ့ အကြွေးတွေ ပိနေရာမှ အခုလို မမျှော်လင့်ဘဲ ပထမဆု ၅ စောင်တွဲ ပေါက်တဲ့ အတွက် မိသား တစုလုံး မျက်ရည် လည်အောင် ၀မ်းသာ မဆုံးဖြစ်ရ တယ်လို့ ထိုင်းရတ် သတင်းထောက်ကို ပြောပါတယ်။

အိမ်မှာရှိတဲ့ ငှက်ပျောပင်စောင့် နတ်မယ်တော်က ၈၂၅ ဆိုတဲ့ ဂဏန်း သုံးလုံး အိပ်မက်ပေး ခဲ့ကြောင်း၊ အိပ်မက်ထဲ ပါတဲ့ ဂဏန်းနဲ့ ဘတ် ၄၀၀ ဖိုး ထီထိုးရာမှာ ၅ စောင်လုံး ပေါက်ခဲ့ တာလို့ ဆိုပါတယ်။

ဆုငွေထုတ်ပြီးရင် အသက် ၇၅ နှစ်ရွယ်ရှိ မျက်မမြင် ဖခင် နဲ့ အသက် ၇၃ နှစ်ရှိ နာမကျန်းသူ ယောက္ခမကို ဆေးကုပေးမှာ ဖြစ်ပြီး အလှူအတန်းလည်း လုပ် လူမှု ကယ်ဆယ်ရေး ဌာနကိုလည်း ငွေလှူမယ်လို့ ရဲတပ်ကြပ် ဆကွန်း ၀မ်းဆီက ဆက်ပြောပါတယ်။

ဒါ့အပြင် တချို့ကို နေအိမ်ပြန်ပြင်ပြီး သမီး ကျောင်းစရိတ် သိမ်းထားကာ နွမ်းပါးတဲ့ ဆွေမျိုးတွေ ကိုလည်း ဝေငှပေးမှာ ဖြစ်ကာ ငွေကြေးကြပ်တည်း စဉ်က မိတ်ဆွေတွေ ဆီက ချေးထားတဲ့ ငွေတွေ၊ ရဲမိသားစု ငွေစုငွေချေး ဌာနမှာ နှစ်ရှည်လများ တင်နေတဲ့ အကြွေးတွေ အားလုံး ပြန်ဆပ်မယ်လို့ ဆိုပါတယ်။

နယ်ခြားစောင့်တပ် ကျောင်း ကျောင်းအုပ်ကြီး ကလည်း သူ့ကျောင်းဆရာ အခုလို ထီပေါက်တဲ့ အတွက် ၀မ်းသာကြောင်း၊ ဆရာ ဆကွန်းဝမ်းဆီဟာ ရိုးသားပြီး အလုပ် ကြိုးစားကြောင်း၊ ကျောင်းကို မနက်စောစော လာပြီး မိုးချုပ်မှပြန်ကာ ကျောင်းပိတ်ရက် တွေမှာတောင် အနားမယူဘဲ စိုက်ပျိုးရေး၊ မွေးမြူရေးစတဲ့ သက်မွေး ၀မ်းကျောင်း ပညာတွေပါ သင်ပေးတဲ့ အတွက် ကျောင်းသားတွေရဲ့ အချစ်တော် ဖြစ်တယ်လို့ သတင်းထောက်ကို ပြောသွားပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/114503

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...