ကမ္ဘာ့ ဖက်ရှင် မော်ဒယ် လောကမှာ လူသိများ လာခဲ့သူ အသက် ၂၂ နှစ် အရွယ် မီမီတအိုဟာ ဘုန်းကြီး ဘ၀ကနေ စည်းမျဉ်းတွေ ချိုးဖောက်ကာ လိင်အင်္ဂါ ပြောင်းလဲပြီး ကိုယ်ဟန် ပြမယ် ဖြစ်လာ ခဲ့သူပါ။
သူ့ရဲ့ဘ၀ဟာ ခုလို အောင်မြင် မှုတွေ ရရှိခဲ့ တဲ့ထိ ပန်းခင်းတဲ့ လမ်းတော့ မဟုတ် ခဲ့ဘူးလို့ မီမိတအိုက ပြောပါတယ်။
“ကျမ ခုချိန်ထိ ရပ်တည် နေရတာ လွယ်လွယ် ကူကူတော့ မဟုတ်ပါဘူး။ ခုထိလည်း ကျမဘယ်နေရာကို လိုချင်ခဲ့ သလဲဆိုတာ မသိပါဘူး။”
သူက ကျော်ကြားမှု နောက်ကို လိုက်ချင် ခဲ့တာ မဟုတ်ပဲ မိသားစုရဲ့ ကြွေးမြီတွေ ကြားကနေ လွတ်မြောက် စေချင် ခဲ့တာလို့ ပြောပါတယ်။
သူ့ကို ထိုင်းနိုင်ငံ၊ ခွန်ကရန်မြို့မှာ ချမ်းသာတဲ့ မိသားစုက မွေးဖွား ခဲ့တာပါ။ သူ့ဖခင်ဟာ နိုင်ငံခြားမှာ ဆောက်လုပ်ရေး လုပ်ငန်း တခုက အလုပ်သမား ခေါင်းဆောင် အဖြစ် အလုပ် လုပ်ပြီး အိမ် အသုံးစရိတ်ကို လုံလုံ လောက်လောက် ရှာဖွေ ပေးနိုင်သူပါ။
မိခင်ကတော့ ရှိတဲ့ ငွေကြေးတွေကို ချေးငှား တာတွေ အပြင် အိမ်ခြံမြေ ၀ယ်ရောင်း လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံ တာပါ။
သူ့ရဲ့နာမည်ရင်းက ဖဂျရာနက်နိုဘန်တအို ဖြစ်ပြီး မွေးချင်း သုံးယောက်မှာ အလတ် ဖြစ်ပါတယ်။
အဲဒီ အချိန်ထိတော့ မီမီတအိုရဲ့ မောင်နှစ်မတွေမှာ အိပ်မက် ကိုယ်စီ ရှိနေခဲ့ တာဖြစ်ပြီး သူကတော့ ဘာဖြစ်ချင်မှန်း မသိခဲ့ပါဘူး။
အစ်မဖြစ်သူက စွန့်ဦး တီထွင် လုပ်ငန်းရှင် တယောက်ဖြစ်ချင် ခဲ့ပြီး ညီဖြစ်သူ ကတော့ ဆေးကျောင်းကို တက်ရောက်ခွင့် ရချင် ခဲ့တာပါ။
ဒါပေမယ့် သူတို့ အိပ်မက်တွေကို အကောင်အထည် မဖော်နိုင် ခင်မှာပဲ တဆစ်ချိုး အပြောင်းအလဲဟာ ရောက်လာ ခဲ့ပါတော့တယ်။
၂၀၀၀ ပြည့်နှစ်၊ စီးပွားရေး အကျပ် အတည်းဟာ သူတို့ မိသားစုဘ၀ကို အများကြီး ပြောင်းလဲ သွားခဲ့ ပါတော့တယ်။
မိသားစု စီးပွားရေး လုပ်ငန်းတွေ အားလုံး ဆုံးရှုံးခဲ့ရ ချိန်မှာ သူ့အစ်မနဲ့ မောင်ကို ဒေသတွင်း ကျောင်းတခုကို ရွှေ့ပြောင်း ထားခဲ့ရပြီး သူ့ကိုတော့ အယုဒ္ဓယက ဘုန်းတော်ကြီး ကျောင်း တခုဆီ မိခင်က အပ်နှံ ထားခဲ့တာပါ။
မိခင်ဖြစ်သူက ကျောင်းစည်းမျဉ်း စည်းကမ်းတွေဟာ သူ့အတွက် သင့်တော် လိမ့်မယ်လို့ ယူဆ ခဲ့ပေမယ့် ဒါဟာ အချိုးအကွေ့ တခုဖြစ်လာ ခဲ့ပါတယ်။
သူဟာ အဲဒီ အချိန်မှာ အသက် ၁၂ နှစ် အရွယ်ရှိနေ ခဲ့ပါပြီ။ အဲဒီ ဘုန်းတော်ကြီး ကျောင်းက မီမီ့ကို ဘုန်းတော်ကြီး တပါးဖြစ် လာစေဖို့ လေ့ကျင့် သင်ကြားမှုတွေ လုပ်ပေးခဲ့ပြီး ၆ လ အကြာမှာ ကိုရင် ၀တ်ပေး ခဲ့တာပါ။
ဝန်းကျင် သစ်မှာ မီမီဟာ ညင်သာစွာ စကားပြောခြင်း၊ အိပ်ယာမှ စောစီးစွာ ထ ရခြင်း စတဲ့ အရာတွေနဲ့ အသားတကျ နေထိုင်နိုင်ဖို့ ကြိုးစား ခဲ့ရတာပါ။
“ကျမ အဲဒီ အချိန်လောက် မှာပဲ မိန်းကလေးလို နေထိုင်ပြုမူ စကားပြောတယ်။ မိန်း ကလေး အသုံးအဆောင် တွေကို စိတ်ဝင် စားလာခဲ့တယ်” လို့ မီမီက ပြောပါတယ်။
မီမီနဲ့ စိတ်တူ ကိုယ်တူ အခြားအဖော် ၄ ယောက်ဟာ သင်္ကန်း ၀တ်ထားချိန်မှာ ၀ိနည်း အကျင့် သိက္ခာတွေနဲ့ နေထိုင်ကြပြီး နောက်ကွယ် မှာတော့ နှုတ်ခမ်းနီ၊ ပါးနီတွေ ဆိုး၊ မျက်ခုံးမွေးခြယ်၊ မိတ်ကပ်လူးကာ အခန်းတွင်း အမျိုးသမီးတွေလို နေထိုင် ခဲ့ကြတာပါ။
သူတို့ရဲ့ နောက်ကွယ်က ကမ္ဘာဟာ အမျိုးသမီး ဘ၀ကို တနည်း လှစ်ဟပြ ခဲ့တာပါ။
ကိုရင်ဘ၀ ဒုတိယနှစ်ရောက်တဲ့ချိန်မှာတော့ သူတို့ထဲက တယောက်ကြောင့် သူ တို့အားလုံးဟာ အမျိုးသမီးရင်သားကြီးထွား ဆေးလုံးတွေကို သင်္ကန်းကြားမှာဝှက်ကာ စတင်သုံးခဲ့ကြပါပြီ။
မီမီဟာ ခွန်ကရန်က သူ့အိမ်ကို ပြန်ခဲ့ချိန်က တခါမှာတော့ ရေချိုးခန်းထဲမှာ ကြီးထွား လာကာစ သူ့ရင်သားတွေကို မိခင်ကတွေ့သွားခဲ့ပြီး ငိုကြွေးခဲ့ပါတယ်။
“အဲလို ကျမအမေငိုနေခဲ့ချိန်ဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးအချိန်ပါပဲ။ အဲဒီအချိန် မှာ ကျမဆုံးဖြတ်ခဲ့ပါတယ်။ ကျမကို သူဂုဏ်ယူရတဲ့သူဖြစ်လာအောင်ကြိုးစားဖို့ပေါ့” လို့ မီမီက ဆိုပါတယ်။
ခြောက်နှစ်ကြာတဲ့နောက်မှာ မီမီဟာ ဘုန်းကြီးကျောင်းကထွက်လာခဲ့ပြီး အလုပ် ပေါင်းများစွာ ပြောင်းလဲလုပ်ကိုင်ခဲ့ပေမယ့် သူ့အနေနဲ့ ဘာလုပ်ချင်တယ်ဆိုတာကို မသိနိုင်ပဲ ရှိနေခဲ့တာပါ။
တရက်မှာတော့ သူဟာ နာမည်ကျော်မော်ဒယ်လ် ရိုဂျန်နာယွီဖက်ကန်နာနဲ့ ဆုံဖို့ အခွင့်အရေးရခဲ့ပြီး သူလုပ်ချင်တာဟာ စံပြမော်ဒယ်တယောက်ဖြစ်ဖို့ဆိုတာ သိခဲ့ပါတယ်။
သူဟာ ယွီကို ပရိသတ်တွေနဲ့တွေ့ဆုံပွဲတခုမှာ စတင်တွေ့ခဲ့ပြီး သူ့လိုဖြစ်ချင်တဲ့အတွက် သင်ပေးဖို့ ပြောခဲ့တာပါ။
သူဟာ ယွီနဲ့ ၁၂ ကြိမ်လောက်တွေ့ခဲ့ပြီး တွေ့ချိန်တိုင်းမှာ ဒီစကားကိုပဲ ထပ်တလဲ လဲပြောခဲ့ပြီးမှ သူ့ကိုသင်ပေးဖို့ သဘောတူခဲ့တာပါ။
လိင်အင်္ဂါပြောင်းလဲထားတဲ့ ကိုယ်ဟန်ပြ စံပြမော်ဒယ်တယောက်ဖြစ်ဖို့က တကယ် တမ်းတော့မလွယ်လှပါဘူး။
ယွီက လမ်းလျှောက်ပုံ၊ ကိုယ်နေဟန်ထားနဲ့ ကိုယ်ဟန်ပြမယ်တယောက်မှာ ရှိသင့် တာတွေ အားလုံးကို သုံးလကြာ သင်ပြပေးခဲ့တာပါ။
အဲဒီအချိန်မှာ မီမီဟာ ကိုယ်ခန္ဓာလိင်အင်္ဂါပြောင်းလဲခွဲစိတ်မှုတွေ မလုပ်ရသေးပါ ဘူး။ သူ့အနေနဲ့ မော်ဒယ်လောကကို ၀င်ရောက်ဖို့ အသင့်ဖြစ်ပြီလို့ ယူဆခဲ့ပေမယ့် အခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါသေးတယ်။
အသားညိုညို၊ အရပ်ရှည်ရှည်၊ ရင်သားသေးသေး၊ မေးရိုးကားကားနဲ့ မီမီ့ပုံစံကို ထိုင်းမော်ဒယ်အေဂျင်စီတွေက လက်မခံခဲ့ပါဘူး။
“ဒါက ကျမကို လှုပ်နှိုးလိုက်တာပါပဲ။ ကျမမျှော်လင့်ချက်ကိုတော့ အရှုံးမပေးခဲ့ပါဘူး။ ကျမက မှားယွင်းတဲ့ မြေဆီလွှာပေါ်မှာ ရှိနေရတဲ့ မျိုးစေ့ကောင်းတခုဆိုတာ သိလိုက်ရတယ်”လို့ မီမီက ပြောပါတယ်။
သူဟာ အိပ်မက်မက်ဖူးတဲ့ နယူးယောက် မော်ဒယ်အေဂျင်စီတွေကစလို့ တကမ္ဘာလုံးက အေဂျင်စီတွေကို အင်တာနက်ပေါ်ကတဆင့် ဆက်သွယ်ခဲ့ပေမယ့် အားလုံးက လူတွေ့လာတွေ့ဖို့ သာ အကြောင်းပြန်ခဲ့ပါတယ်။
သူ့အနေနဲ့ ဝေးဝေးလံလံသွားဖို့ အားမထုတ်နိုင်တဲ့အတွက် နီးတဲ့ဒေသတွင်းနိုင်ငံတွေကို ရှာဖွေခဲ့ရာမှာ စင်ကာပူမော်ဒယ်အေဂျင်စီတွေနဲ့ ချိတ်ဆက်မိခဲ့တာပါ။
လေယာဉ်လက်မှတ်ဝယ်ဖို့အတွက် မတတ်နိုင်တဲ့အတွက် မိခင်နဲ့ သူငယ်ချင်းတွေဆီက ချေးပြီးသွားခဲ့ရပါတယ်။
မီမီရဲ့ပြင်ပကပုံစံဟာ နိုင်ငံကူးလက်မှတ်ထဲမှာ ဖော်ပြထားတဲ့ ကျား၊ မ ဖော်ပြချက်နဲ့ ကွဲပြားနေတဲ့အတွက် လေဆိပ်ထဲမှာ ၂ နာရီလောက်ကြန့်ကြာနေခဲ့ပြီး အချိန်နောက်ကျမှ အေဂျင်စီဆီရောက်သွားခဲ့ကာ ငြင်းပယ်ခံခဲ့ရပြန်ပါတယ်။
မီမီဟာ ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရပြီး အဲဒီအချိန်မှာ သူ့လက်ထဲမှာ စင်ကာပူ ဒေါ်လာငွေ ၄၃ ဒေါ်လာသာ ကျန်ပါတော့တယ်။
သူဟာ စင်ကာပူနိုင်ငံသုံး ဆင်းမ်ကတ်တခုဝယ်ပြီး ထိုင်းနိုင်ငံကို ဖုန်းဆက်အကူအ ညီတောင်းရာမှာတော့ သူ့သူငယ်ချင်းတယောက်ရဲ့ အကူအညီနဲ့ စင်ကာပူကိုရောက်နေတဲ့ သူငယ်ချင်းရဲ့မိတ်ဆွေရဲ့ မိခင်ဖုန်းနံပါတ်ကို စာပို့အကူအညီတောင်းခဲ့ရပါတယ်။
သူ့ဆီ ဆက်သွယ်မလာခင်မှာ သူဟာ အများသုံးအိမ်သာတခုထဲမှာ ခရီးဆောင် သေတ္တာနဲ့အတူ ပုန်းခိုနေထိုင်ခဲ့ရပြီးမှ ထိုင်းကိုမပြန်ခင် ခဏတာနေနိုင်ဖို့ အကူအညီရခဲ့ တာပါ။
မီမီဟာ အချိန်ဆွဲမနေခဲ့ပဲ တလမ်းဝင်တလမ်းထွက် မော်ဒယ်အေဂျင်စီတွေကို လိုက်ရှာချိတ်ဆက်ကြိုးစားခဲ့ပါတယ်။
ငါးခုမြောက် အေဂျင်စီအရောက်မှာတော့ မီမီ့ကို ဓာတ်ပုံမော်ဒယ်အဖြစ် ကမ်းလှမ်း ခံခဲ့ရပါတယ်။
မျက်နှာသစ်မော်ဒယ်ဖြစ်တဲ့ မီမီ့အနေနဲ့ နာမည်ကြီး ကုန်ပစ္စည်းတံဆိပ်တွေနဲ့ ချက် ချင်းစာချုပ်ချုပ်ခွင့်မရပဲ ကြော်ငြာဓာတ်ပုံရိုက်တာတွေ၊ ရှိုးပွဲတွေမှာ လျှောက်တာတွေ လုပ်ခဲ့ပြီး တဖြည်းဖြည်းတည်ဆောက်ယူခဲ့ရတာပါ။
မီမီထိုင်းနိုင်ငံကို ပြန်သွားခဲ့ချိန်မှာတော့ သူ့နာမည်ဟာ စင်ကာပူမော်ဒယ်အေဂျင် စီတွေကြားမှာ တစစပြောလာကြပြီး ထိုင်းနိုင်ငံမှ မော်ဒယ်အေဂျင်စီတွေကို ပြန်ညွှန်း ပေးရလောက်အောင် သိလာခဲ့ပါတယ်။
ခုချိန်မှာတော့ နာမည်ကျော် စံပြမော်ဒယ်တယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်တဲ့ မီမီဟာ ထိုင်းနိုင်ငံမှာ ပထမအကြိမ် စတင်အလုပ်လုပ်ချိန်မှာ အခမဲ့ကိုယ်ဟန်ပြပေးခဲ့ပါတယ်။
“ဒါက ဘာကို ဆိုလိုတာလည်းဆိုတော့ ထိုင်းနိုင်ငံက မော်ဒယ်အေဂျင်စီတွေဟာ ခုထက်ပိုပြီး ပွင့်လင်းမြင်သာရှိဖို့ လိုနေတာကို ပြောချင်တာပါပဲ” လို့ မီမီက ပြောပါတယ်။
(ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းပါ ဆောင်းပါးရှင် ချိုင်ယော့ရောင်ချာ ယိုဝမ်ချိုင်ရေးသားသည့် The Monk turned model breaking all the rules ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/126819
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |
No comments: