
နေ့စဉ် ရှင်သန်နေထိုင် ရတဲ့ ဘ၀မှာ ရှူသွင်း ရှူထုတ် ရတဲ့ လေကောင်း လေသန့် ရရှိမှုဟာ ဘ၀ရဲ့အကောင်းဆုံး အရာတွေ ပဲလို့ လူတွေက ပြောကြ ပါတယ်။
ဒါပေမယ့် တရုတ်နိုင်ငံ တောင်ပိုင်း၊ ဂွမ်ဒေါင်း ခရိုင်ထဲမှာ ဒေသ ခံတွေက “လေကောင်း လေသန့်ဆိုသည်မှာ ရောင်းချရန်” ဆိုတဲ့ အဆိုကို သက်သေပြနေတဲ့ အဖြစ် ကတော့ မေးခွန်း ထုတ်စရာ ဖြစ်လာ ပါတယ်။
ဂွမ်ဒေါင်းခရိုင်တွင်းမှာ ရက်ပေါင်းများစွာ ကြာမြင့်တဲ့တိုင်အောင် မီးခိုးမြူထူတွေ ကျဆင်းခဲ့ပြီးနောက် ဒေသခံတွေဟာ လေကောင်းလေသန့်ရှူဖို့ တောင်ကုန်းတောင်တန်းတွေရှိရာဆီ စုဝေးပြီး သွားရောက်ကြတာပါ။
ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့မှာတော့ တောင်အောက်ခြေ အနီးတ၀ိုက်မှာ ဈေးသည်တွေက လာရောက်လည်ပတ်သူတွေကို လေသန့်ရှူအိတ်တွေ စတင်ရောင်းချခဲ့ကြတာ တွေ့ရတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ဈေးဆိုင်တန်းတွေဟာ လေအိတ်တွေကို ခင်းကျင်းထားကြပြီး ဒီလေကောင်းလေသန့်တွေကို နက်ရှိုင်းတဲ့ တောင်တန်းတွေဆီကနေ စုစည်းယူလာခဲ့တာလို့ သူတို့က ပြောပါတယ်။
လေသန့်အိတ်ပိုစတာတွေပေါ်မှာ “သန့်ရှင်းတဲ့ လေကောင်းလေသန့်တွေကို ၀ယ်ယူခြင်းဟာ ကျန်းမာတဲ့ ဘ၀နေထိုင်မှုကို ၀ယ်ယူခြင်းဖြစ်တယ်” ဆိုတဲ့ စာတွေကိုလည်း တွေ့နိုင်ပါတယ်။
လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တချို့ဟာ အဆိုပါ လေသန့်ရှူအိတ်တွေကို ၀ယ်ယူခဲ့ကြပြီး မီးခိုးမြူထူတဲ့ ရာသီဥတုတွင်းမှာ ဒါဟာ ဇိမ်ခံပစ္စည်းတခု ဖြစ်တယ်ဆိုတာ သက်သေပြခဲ့ကြတာပါ။
အဲဒီလေရှူအိတ်တွေကို တရုတ်ယွမ်ငွေ ၁၀ မှ ၃၀ ကြား (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ နဲ့ ၄ ဒသမ ၆ ကြား) ဈေးနဲ့ ရောင်းချနေတာလို့ သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ – စီစီတီဗွီ
Originally published at - http://burmese.dvb.no/archives/140392

No comments: