အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 3, 2015

3D ပရင်တာသုံး နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်း နည်းပညာ (ရုပ်သံ)




ဒန်းနစ် ပဲလက်ဂ်ဟာ နောက်ဆုံးပေါ် ဖက်ရှင် ဒီဇိုင်းကို တီထွင်နေ ပါပြီ။ အိမ်သုံး 3D ပရင်တာ သုံးပြီး နောက်ဆုံးပေါ် ဖက်ရှင် ဒီဇိုင်းတွေကို သူမက ထုတ်လုပ် ခဲ့သလို ဒီနည်း ပညာကို ဖောက်သည်တွေ လက်ထဲကို အချိန်မှီ ထည့်ပေးနိုင်ဖို့ မျှော်လင့် ထားပါတယ်။

“ခုချိန်ထိ လုပ်ငန်းသုံး 3D ပရင်တာ တွေနဲ့ ဖက်ရှင် ဒီဇိုင်နာတွေပဲ စမ်းသပ်နေ တာကို တွေ့ရတယ်။ ကျမကတော့ အိမ်မှာတင် 3D ပရင်တာ သုံးပြီး ဖက်ရှင် ဒီဇိုင်းစုတခုလုံးကို ကြိုးစား ထုတ်လုပ် ချင်ခဲ့တာပါ။”

လုပ်ငန်းသုံး ပရင်တာ တွေက ပလတ်စတစ် အမာစား တွေနဲ့ပဲ အထည်တွေကို ထုတ်လုပ်နိုင် တာမို့ ၀တ်ဆင်လို့ မရဘူးလို့ သူမက ဆိုပါတယ်။ အဖြေ အမျိုးမျိုး ရှာပြီးတဲ့
နောက်မှာတော့ FilaFlex လို့ခေါ်တဲ့ ပုံနှိပ် ပစ္စည်း တမျိုးသုံးဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ဒီပစ္စည်းက ရာဘာနဲ့ ဆင်တူပြီး ကျုံ့ဆန့်သတ္တိ ပိုပြီး အားကောင်း ပါတယ်။

သူ့ရဲ့ အ၀တ်အထည် ဒီဇိုင်းစု တခုလုံးကို ပုံနှိပ်ဖို့ နာရီပေါင်း ၃၀၀ သာ အချိန်ယူ ရပါတယ်။ ဒီအချိန်ဟာ ၁၂ ရက် စွန်းစွန်းပဲ ရှိတဲ့ အချိန်ပါ။ ခုတော့ ဖြန့်ချိဖို့ အသင့်ဖြစ် နေပါပြီ။

“လူကြီးမင်းတို့ အနေနဲ့ ကျမ အ၀တ်အထည် ဒီဇိုင်းတွေ ဥပမာ ဂျက်ကက် နမူနာတခုပဲ ယူလိုက်တယ် ဆိုပါတော့။ ယူပြီးတာနဲ့ ကိုယ့်အိမ်နဲ့ အနီးဆုံး စမ်းသပ်ခန်း တခုမှာ ပရင့်ထုတ် လိုက်ရုံ ပါပဲ။ ဖက်ရှင် ဒီဇိုင်းထုတ်နည်း၊ စက်ချုပ် နည်းတွေ သိဖို့ မလိုပါဘူး။ ပရင့်ထုတ်ပြီး တွဲစပ် လိုက်ရုံပါပဲ။ အရုပ်ဆက် ပဟေဠိ ဆော့ရသလိုပေါ့။”

ကပ်ကော်တော့ လိုပါတယ်။ ပြီးရင်တော့ ခုလို အရောင် အသွေးစုံပြီး သိပ်ကို သက်သောင့် သက်သာရှိတဲ့ အ၀တ်တွေ ရလာ ပါတယ်။ မကြာခင်က ကျင်းပခဲ့တဲ့ ပွဲမှာ ပဲလက်ဂ်ရဲ့ ဖန်တီးမှု တွေကို ၀တ်ဆင်ကြည့် ခဲ့ကြတဲ့ နိုင်ငံတကာ ဖက်ရှင်ဘလော့ဂါ တွေဟာ ၀ိုင်းဝန်းထောက်ခံ ခဲ့ကြပါတယ်။

“ကျနော် သိပ်ကြိုက်တယ်။ ဖက်ရှင် ဒီဇိုင်းစု တခုလုံးက ဒီနည်း ပညာနဲ့ပဲ ထုတ်ထားတာ ဆိုတော့ အသစ် အဆန်း ဖြစ်နေတယ်လေ။ ဒါကြောင့် အရမ်းကို သဘောကျ ပါတယ်။”

ခုချိန်မှာတော့ ပရင်တာနဲ့ ထုတ်တဲ့ အ၀တ် အထည်တွေက သိပ်ကို ကုန်ကျ စရိတ်များနေဆဲ ပဲလို့ ပဲလက်ဂ်က ဆိုပါတယ်။ ဒါပေမယ့် ဒီနည်းပညာ ဖွံ့ဖြိုး လာတာနဲ့ အမျှ ဖောက်သည်တွေ အဖို့ ဈေးချို လာမှာဖြစ်ပါတယ်။ ကိုယ် အနှစ်ခြိုက်ဆုံး ရှပ်အင်္ကျီ သစ်ကို ကလစ် တချက်နှိပ် လိုက်ရုံနဲ့ တင် ဒေါင်းလုပ်ချပြီး ရယူ လိုက်ရုံပါပဲ။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/114493

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...