
မကြာ သေးခင် ကမှ ဖွင့်လှစ် ခဲ့တဲ့ ဘယ်လ်ဂျီယမ် နိုင်ငံမှ စားသောက်ဆိုင် တစ်ဆိုင်ဟာ တကယ့်ကို ထူးခြား ဆန်းပြား လှပါတယ်။
ဘာလို့လဲ ဆိုတော့ အဲဒီ စားသောက်ဆိုင်ကို ရေကူးကန် တကန်ရဲ့ ရေအောက် အနက် ၅ မီတာမှာ စားသောက်နိုင်အောင် ပြုလုပ် ထားခဲ့ လို့ပါပဲ။
ပုလဲ စားသောက်ဆိုင်လို့ အမည်ပေး ထားတဲ့ ဒီဆိုင်ကို ဘရပ်ဆဲလ်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဖွင့်လှစ် ခဲ့တာလို့ မေရာ သတင်းတပုဒ်မှာ ဇန်နဝါရီ ၃၁ ရက်နေ့က ဖော်ပြ ပါတယ်။
လာရောက်စားသောက်သူတွေအနေနဲ့ ဒီရေအောက်ကမ္ဘာ စားသောက်ဆိုင်မှာ ကျောက်ပုဇွန်သုတ်၊ ပြင်သစ်အစားအစာ ဖွာဂရာနဲ့ ရှမ်ပိန် စတဲ့ စားသောက် ဖွယ်ရာတွေကို ရရှိနိုင်မှာဖြစ်ပြီး လူတဦးကို ၉၉ ယူရိုကျသင့်မှာ ဖြစ်ပါတယ်။
ဆိုင်ကိုလာရောက်ကြတဲ့ ဧည့်သည်တွေဟာ ရေအောက်အနက်ထဲမှာ ရှိနေတဲ့ စက်လုံးပုံသဏ္ဌာန် စားသောက် အိမ်ငယ် ထဲကို ရေငုပ် သွားရောက် ရမှာဖြစ်ပြီး ရေပြင်အပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်မှာ ထားရှိတာ ဖြစ်ပါတယ်။
“ဒီရေကူးကန်ကို လွန်ခဲ့တဲ့ ၁၂ နှစ်လောက် ဆယ်ကျော်သက်အရွယ်ကတည်းက ဖန်တီးခဲ့တာပါ။ ကျနော်က လူတိုင်းကို ခုလိုအခြေအနေ မျိုးနဲ့ ရေငုပ်ပြီး နေ ထိုင်နိုင်စေချင်တယ်လေ။ ခုတော့ ခင်ဗျားတို့ ရေအောက်မှာ စကားပြောနိုင်တယ်၊ အချင်းချင်း ဆွေးနွေးဖလှယ်နိုင်ပါပြီ” လို့ စားသောက်ဆိုင်ဖန်တီးရှင် ဂျွန်ဘီယားနာ့တ်စ်က ပြောပါတယ်။
အကျယ်အဝန်း ၂ မီတာရှိတဲ့ ဂေါက်သီးတလုံးလို လုံးဝန်းတဲ့ စားသောက်အိမ်ငယ်လေးထဲမှာ ပြတင်းပေါက်တွေလည်း ပါဝင်ပြီး လူ ၄ ဦးထိ ဝင်ရောက် စားသောက်နိုင်ပါတယ်။
လက်ရှိမှာတော့ စားပွဲထိုးဝန်ထမ်းတွေကို နီမို ၃၃ ရေငုပ်စင်တာမှ ရေငုပ်သမားတွေနဲ့ ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး ရေငုပ်အတွေ့အကြုံမရှိသူ လာရောက်စားသောက်သူတွေကိုလည်း မိတ်ဆက်သင်ကြားပေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
စားသောက်ဆိုင် ဖွင့်လှစ်ပြီးချိန်ကတည်းက ခုချိန်ထိ လာရောက်စားသောက်သူ ၁၆ ဦးထိ ရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
လာရောက်စားသောက်သူတဦးဖြစ်တဲ့ နီကိုလပ်စ် မောက်ချာ့တ်က “တကယ့်ကို ထူးခြားတဲ့ ရေအောက်ကမ္ဘာပါပဲ။ ငါတို့ ၂ ယောက်လုံးဟာ ငါးစုံတွဲတွေလိုပဲ။ ရေထဲမှာ ပျော်စရာကောင်းပါတယ်။ ငါတို့ ဘ၀တလျှောက်လုံး မမေ့နိုင်မယ့် ညစာစားပွဲပါပဲ” လို့ ပြောပါတယ်။
Video From : Nemo33 2017
Originally published at - https://www.youtube.com/watch?v=Wzx9K-QPbZc
Post From : ဒီဗွီဘီ
Originally published at - https://www.youtube.com/watch?v=Wzx9K-QPbZc
No comments: